လေဖိအားနည်းရပ်ဝန်းအဖြစ် မြန်မာနိုင်ငံသို့ ဖြတ်ကျော်မှုကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ခြင်းများ ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိမှုသတင်း


စက်တင်ဘာ ၂၁၊ နေပြည်တော်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ ထုတ်ပြန်ချက်များအရ တောင်တရုတ် ပင်လယ်ပြင်မှ စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း NOUL သည် ကုန်းတွင်းမုန်တိုင်းအဖြစ်သို့ အားလျော့ရာမှတဆင့် မြန်မာနိုင်ငံအား လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်၌ ၎င်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်ခြင်းတို့ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း၊ မြိတ်၊ ပုလော၊ ဘုတ်ပြင်း၊ ကျွန်းစု၊ လောင်းလုံ၊ သရက်ချောင်းနှင့် ရေဖြူမြို့နယ်တို့၌ (၁၇-၉-၂၀၂၀)မှ(၂၀-၉-၂၀၂၀)အတွင်း နေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် အိမ်ခြေ(၅၃၅)ကျော်မှ လူဦးရေ(၁၉၀၀)ကျော်တို့ ယာယီခိုလှုံရာစုရပ်(၉)ခုနှင့် ဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့ခိုလှုံလျက်ရှိပြီး လေပြင်းတိုက်ခတ်ခြင်း၊ ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်ခြင်းတို့ကြောင့် အိမ်ခြေ(၂၉၀)ကျော်နှင့် ဘာသာရေးကျောင်း(၂)ကျောင်း ထိခိုက်ပျက်စီးခဲ့ကာ စုစုပေါင်း အိမ်ထောင်စု(၉၀၀)ကျော်၊ လူဦးရေ(၃၇၀၀) ကျော်ဘေးသင့်ခဲ့ရပါသည်။ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ထောက်ပံ့ကူညီမှုများ ဆောင်ရွက် လျက်ရှိပါသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပေါင်မြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင်လည်း (၁၉-၉-၂၀၂၀) ရက်နေ့၌ ပင်လယ်ဒီရေရိုက်ခတ်မှုကြောင့် အိမ်ခြေ(၉၀)ကျော် ထိခိုက်ပျက်စီးခဲ့ကာ လူ(၃)ဦး သေဆုံးခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများသည် မွန်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ ဒေသခံအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ လိုက်ပါ၍ ဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိပါသည်။

အလားတူပင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့နှင့် (၁၉)ရက်နေ့များတွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် စစ်တောင်းမြစ်ဒီရေ တက်ခြင်းကြောင့် စစ်တောင်းမြစ်ကမ်းပါးနှင့် ဆက်စပ်နေသည့် ကျေးရွာများတွင် ရေဝင်ရောက် မှုများဖြစ်ပွားမှုကြောင့် အိမ်ခြေ(၁၅၀၀) ကျော်မှ လူဦးရေ(၇၀၀၀)ကျော် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်နှင့် ဒေးဒရဲမြို့နယ်များတွင် (၂၀-၉-၂၀၂၀) ရက်နေ့နှင့် (၂၁-၉-၂၀၂၀)ရက်နေ့များ၌ ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ခြင်းကြောင့် အိမ်ခြေ(၇၀)ကျော် ထိခိုက်ပျက်စီးခဲ့ကာ အိမ်ထောင်စု(၇၀)ကျော်မှ လူဦးရေ(၃၀၀)ကျော် ဘေးသင့်ခဲ့ရပြီး ဒေသခံ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ (၂၁-၉-၂၀၂၀)ရက်နေ့မှ စတင်၍ ထောက်ပံ့ကူညီမှုများ စတင်ဆောင်ရွက်လျက်ရှိပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဘေးသင့် ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ ပျက်စီးဆုံးရှုံးမှုပေါ်မူတည်၍ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် COVID-19 ရောဂါကာကွယ်ရေးအတွက် အများစုစည်းရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ရသူများအား ပါးစပ်နှာခေါင်းစည်းနှင့် ဆပ်ပြာများကို သက်ဆိုင်ရာ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနမှ တာဝန်ရှိသူများက တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဒေသဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ဘေးသင့်နေရာ များသို့ အမြန်ဆုံးသွားရောက် ထောက်ပံ့ပေးလျက် ရှိပါကြောင်း သိရှိရပါသည်။
ပြည်သူလူထုအနေဖြင့် မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များ၊ သတိပေးချက် များကို အလေးထားဂရုပြုလိုက်နာရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများ ဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါ ကြောင်းလည်း သိရှိရပါသည်။

Source: MSWRR

#ha_str
#npw_sep2020

Sign Up

Upcoming Events