အပူပိုင်းမုန်တိုင်း NOUL ၏ အရှိန်ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ခြင်းတို့ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ ထုတ်ပြန်ချက်များအရ တောင်တရုတ် ပင်လယ်ပြင်မှ စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း NOUL သည် ကုန်းတွင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားခဲ့ပြီဖြစ်သော်လည်း ၎င်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ခြင်းတို့ကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပေါင်မြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် အိမ်ခြေ(၉၀)ကျော် ထိခိုက်ပျက်စီးခဲ့ကာ လူ(၃)ဦးသေဆုံးခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့်အတူလိုက်ပါ၍ (၂၀-၉-၂၀၂၀) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီမှုများ စတင်ဆောင်ရွက်လျက်ရှိပါသည်။
 
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း၊ မြိတ်၊ ပုလောမြို့နယ်တို့၌ နေအိမ်များ အတွင်းရေဝင်ရောက်မှုကြောင့် အိမ်ခြေ(၄၃၀)ကျော်မှ လူဦးရေ(၁၆၀၀)ကျော်တို့ ယာယီခိုလှုံရာစုရပ် (၇)ခုနှင့် ဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့ခိုလှုံလျက်ရှိပြီး လေပြင်းတိုက်ခတ်ခြင်း၊ ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်ခြင်းတို့ကြောင့် အိမ်ခြေ(၅၀)ကျော်နှင့် ဘာသာရေးကျောင်း(၁)ကျောင်း ထိခိုက်ပျက်စီးခဲ့ ပါသည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိ သူများသည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးနှင့်အတူ ပုလော မြို့နယ်ရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီမှုများ စတင်ဆောင်ရွက်လျက်ရှိပါသည်။
 
အလားတူပင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့နှင့် (၁၉)ရက်နေ့များတွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် စစ်တောင်းမြစ်ဒီရေ တက်ခြင်းကြောင့် စစ်တောင်းမြစ်ကမ်းပါးနှင့် ဆက်စပ်နေသည့် ကျေးရွာများတွင် ရေဝင်ရောက် မှုများဖြစ်ပွားမှုကြောင့် အိမ်ခြေ(၁၅၀၀) ကျော်မှ လူဦးရေ(၇၀၀၀)ကျော် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဘေးသင့် ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနမှ တာဝန်ရှိသူများက တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဒေသဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ဘေးသင့်နေရာများသို့ အမြန်ဆုံးသွားရောက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း သိရှိရပါသည်။
 
ပြည်သူလူထုအနေဖြင့် မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များ၊ သတိပေးချက်များကို အလေးထားဂရုပြုလိုက်နာရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများ ဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ပါ ကြောင်းလည်း သိရှိရပါသည်။
#ha_str
#mon_sep2020
#tny_sep2020
#bgo_sep2020
Source: ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးဌာန -အောက်မြန်မာပြည် (ဘစမ)

Sign Up

Upcoming Events