လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ မော်လိုက်ခရိုင်နှင့် တမူးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များနည်းပြသင်တန်း (၂၃/၂၀၁၄) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့သို့ ရောက်ရှိပြီး စစ်ဗျူဟာ (အခြေချ) ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းသို့ ရောက်ရှိပြီး အပြင်အားစကားကွင်းတည်ဆောက်ရန် (၁) သိန်းကျပ် ထောက်ပံ့ပေးပါသည်။ ၎င်းနောက် ဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းသို့ သွားရောက်၍ အလှူငွေ (၁) သိန်းကျပ် လှူဒါန်းပါသည်။
ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ခန္တီးမြို့၌ ဝန်ကြီးဌာနမှ လှူဒါန်းထားသော ဘိုးဘွားရိပ်သာ တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီး မင်္ဂလာအချိန်၌ တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်ဝင်းနှင့်အတူ ပန္နက်ရိုက်ပေးပါသည်။ ဆက်လက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ မော်လိုက်ခရိုင်နှင့် တမူးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ နည်းပြသင်တန်း (၂၃/၂၀၁၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဒီလိုထောက်ပံ့ပေးခြင်းဟာ နိုင်ငံတော်သမ္မတကြီး ချမှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်ကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တစ်ဖက်တစ်လမ်းမှအထောက်အကူပြုနေခြင်းဖြစ်သည့်အပြင် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို တတ်အားသမျှဆောင်ရွက်နေခြင်းဘဲ ဖြစ်ပါကြောင်း၊ လူငယ်သင်တန်းများဖွင့်လှစ်နေခြင်းဟာ နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်နှင့်အညီ လူငယ်များအတွက် အလေးထားစဉ်းစားပြီး ရင်းနှီးမြှပ်နှံမှုဆောင်ရွက်နေခြင်းလည်းဖြစ်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့်ပြောကြားပါသည်။ အစီအစဉ်အရ စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်ဝင်းက လူမှုစီးပွားဘဝမြှင့်တင်ရေးဆောင်ရွက်ချက်များ ပြောကြား ပါသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က လူမှုစောင့်ရှောက် ရေးစေတနာ့ဝန်ထမ်းလူငယ်များစီမံကိန်းအကြောင်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ခန္တီးမြို့၊ တိုင်းရင်းသားပြည်သူအားလုံးအသုံးပြုနေသော နားမေတ္တာဆည် ခြံစည်းရိုးခတ်ရန် (၇) သိန်း၊ ကောလင်မြို့နယ်အတွင်းရှိ ဆင်ကုန်းရွာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၅၈.၂၂) သိန်းနှင့် စံတော်သာဘိုးဘွားရိပ်သာအတွက် (၄.၂) သိန်း၊ ပင်လည်ဘူးမြို့နယ်အတွင်းရှိ လေးထပ်ကျောင်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၂၆.၈၈) သိန်း၊ ထီးချိုင့်မြို့နယ် ရွှေထီးရှေ့ဆောင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၁၅.၉) သိန်း၊ ကသာခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၁) ကျောင်းအတွက် (၆၆) သိန်း၊ ကလေးမြို့နယ်အတွင်းရှိ သာစည်ကျေးရွာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၅၆.၂၅) သိန်း၊ ဧရိပ်မွန် (၄) အမျိုးသမီးဂေဟာအတွက် (၁၅) သိန်း၊ ကလေးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂) ကျောင်းအတွက် (၁၂) သိန်း၊ နန်းယွန်းလူငယ်ဖွံ့ဖြိုးရေးပရဟိတအတွက် (၂၃.၉၆) သိန်း၊ ခန္တီးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၆) ကျောင်းအတွက် (၃၆) သိန်း၊ မော်လိုက်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁) ကျောင်း အတွက် (၆) သိန်း၊ တမူးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁) ကျောင်း အတွက် (၆) သိန်း၊ စုစုပေါင်းကျပ်သိန်းပေါင်း (၃၉၀.၁၇) သိန်းအား သက်ဆိုင်သူများထံ ထောက်ပံ့ပေးပြီး ဂေဟာအုပ်ချုပ်ရေးမှူးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events