အပူပိုင်းမုန်တိုင်း နို(လ်) (NOUL)၏ အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပွားလျက်ရှိသည့် အခြေအနေနှင့် အိုးအိမ်များ ထိခိုက်ပျက်စီးမှုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ

စက်တင်ဘာ ၁၉၊ နေပြည်တော်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ ထုတ်ပြန်ချက်များအရ တောင်တရုတ်ပင်လယ်ပြင်မှ စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်းနို(လ်) (NOUL) သည် ကုန်းတွင်းမုန်တိုင်း အဖြစ်သို့အားလျော့သွားခဲ့ပြီဖြစ်သော်လည်း ၎င်း၏အရှိန်ကြောင့် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့နှင့်(၁၈)ရက်နေ့တို့တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများဖြစ်ပွားခဲ့ရာ ကော့သောင်းမြို့နယ်၌ လေပြင်းတိုက်ခတ်ခြင်းကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၅)လုံး၊ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ပြိုကျနေအိမ် (၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁၂)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး ထိခိုက်ပျက်စီးခဲ့ပါသည်။
အလားတူ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် ဘုတ်ပြင်းမြို့နယ်၌ ပြိုကျနေအိမ်(၄၃)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၁၁)လုံးနှင့် ကျွန်းစုမြို့နယ်၌ ပြိုကျနေအိမ်(၃)လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁၄)လုံးရှိခဲ့ကြောင်း သိရှိရပြီး ယနေ့တွင်လည်း လောင်းလုံမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် နေအိမ်(၄)လုံး ပြိုကျပျက်စီးခဲ့ကြောင်း ကနဉီးသတင်းရရှိပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ခရိုင်ဉီးစီးမှူးရုံးများမှ တာဝန်ရှိသူများက တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဒေသဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ဘေးသင့်နေရာများသို့ အမြန်ဆုံး သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
ပြည်သူလူထုအနေဖြင့် မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များ၊ သတိပေးချက်များကို အလေးထားဂရုပြုလိုက်နာရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်းလည်း သိရှိရပါသည်။

#tny_sep2020

Source: MSWRR

Sign Up

Upcoming Events