မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့ (၁၄၀၀)နာရီအချိန်ထုတ်ပြန်သည့် အပူပိုင်းမုန်တိုင်း နို(လ်)”(NOUL) နှင့်ပတ်သက်သည့် သတိပေးချက်အမှတ်စဉ် (၀၂/၂၀၂၀)အရ တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “နို(လ်)”(NOUL)သည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံကမ်းခြေကို ဒါနန်းမြို့ (Danang)အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ လာအိုနိုင်ငံပေါ်တွင် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ယနေ့ညနေပိုင်းတွင် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ထိုင်းနိုင်ငံပေါ်သို့လည်းကောင်း၊ (၁၉.၉.၂၀၂၀) ရက်နေ့တွင် လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသများသို့လည်းကောင်း ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရကြောင်းနှင့် အဆိုပါ အပူပိုင်းမုန်တိုင်း“နို(လ်)”(NOUL)၏ အရှိန်ကြောင့် (၁၈-၉-၂၀၂၀) ရက်နေ့မှ (၂၂-၉-၂၀၂၀)ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်း နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများလည်း ဖြစ်ပေါ်နိုင် ကြောင်းသိရှိရပါသည်။
၂။ သို့ပါ၍ အပူပိုင်းမုန်တိုင်း“နို(လ်)”(NOUL)၏ လေပွေလှိုင်းများဖြတ်သန်းသွားနိုင်သည့် လမ်းကြောင်းတစ်လျှောက်ရှိ တိုင်းဒေသကြီး/ပြည်နယ်များတွင်နေထိုင်ကြသူများ၊ အထူးသဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသ ကြီးတို့တွင်နေထိုင်ကြသူများအနေဖြင့် လေပြင်း တိုက်ခတ်ခြင်း၊ တောင်ကျချောင်းရေများကြောင့် ရုတ်တရက်ရေကြီးနိုင်ခြင်းနှင့် မြေပြိုခြင်းများနှင့် ပတ်သက်၍ အထူးသတိပြုနေထိုင်ကြရန်လိုအပ်ပြီး အောက်ပါအချက်များကို သတိပြုဆောင်ရွက် နိုင်ပါရန် အကြံပြုအပ်ပါသည်-
ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍မိုးကြီးခြင်းများကြောင့် လျှပ်တစ်ပြက်ရေကြီး ခြင်းများဖြစ်နိုင်ကြောင်းသတိပြုပါ။ လျှပ်တပြက်ရေကြီးခြင်းသည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမိုဂရုပြုနေထိုင်ပါ။
မြစ်၊ ချောင်းကမ်းပါးများနှင့် အလွန်နီးကပ်စွာ နေထိုင်သူများ၊ သဲသောင်ပြင်များတွင် သီးနှံစိုက်ပျိုးကြသူများ လိုအပ်ပါက အန္တရာယ်လွတ်ကင်းသည့်နေရာများသို့ ခေတ္တ ပြောင်းရွှေ့နေထိုင်ပါ။
ရေကြီးသောနေရာဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတက်သော ကြောင့် မြစ်၊ ချောင်း ကမ်းပါးများအနီးသို့ မသွားပါနှင့်။ တောင်ကုန်း၊ တောင်စောင်းများ အနီးတွင် နေထိုင်သူများ တောင်ပြိုကျမှုအန္တရာယ်ကို သတိထားပါ။
ရေကြီးနေစဉ် တောင်ကျချောင်းများ၌ လူ၊ တိရစ္ဆာန်၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကား များ ဖြတ်မကူးပါနှင့်။ ရေစီးနှင့်မျောပါတတ်ပါသည်။
ရေကြီးနေချိန်၊ ရေကြီးပြီးချိန်များတွင် လျှပ်စစ်မီးကြိုး၊ လျှပ်စစ်မီးတိုင်များနှင့် တတ်နိုင် သမျှဝေးဝေးနေပါ။ ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။ မြွေနှင့် အဆိပ်ရှိသောသတ္တဝါများ၏ အန္တရာယ်ကို သတိပြုပါ။
လေပြင်းတိုက်ခတ်မှုများ၊ မိုးရွာသွန်းမှုများ၊ လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းခြင်းများဖြစ်ပွား နေချိန်တွင် ဖုန်းများကိုအသုံးမပြုပါနှင့်။
၃။ ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင်ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ် သတင်းရယူ အကူအညီတောင်းခံနိုင် ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန