ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့တော်ခန်းမ၌ သဘာဝဘေးအန္တရာယ်အများဆုံးဖြစ်ပွားနိုင်ခြေရှိသော ကမ်းရိုးတန်းဒေသများတွင် ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေနေထိုင်ရေးအတွက် ဘေးအန္တရာယ်လျှော့ချရန် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးတို့ ဦးဆောင်၍ သဘာဝဘေးအန္တရာယ်အများဆုံးဖြစ်ပွားနိုင်ခြေရှိသော ကမ်းရိုးတန်းဒေသများတွင် ရာသီဥတုပြောင်းလဲ မှုနှင့်အညီ လိုက်လျောညီထွေနေထိုင်ရေးအတွက် ဘေးအန္တရာယ်လျှော့ချရန် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ဘေးအန္တရာယ်လျော့နည်းရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလေ့ရှိသော မုန်တိုင်းဘေး၊ မီးဘေး၊ ရေဘေး၊ လေဘေး၊ ဆူနာမီဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးများနှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန် သိကောင်းစရာများနှင့် ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များတွင် ဝန်ကြီးဌာနက ထောက်ပံ့မှုအခြေအနေများကို ဗီဒီယို ရုပ်သံများဖြင့် ပြသရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အစုအဖွဲ့လိုက် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခဲ့ကြပြီး မရှင်းလင်းသည်များကို တာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သဘာဝဘေးအန္တရာယ်ကာကွယ် စောင့်ရှောက်ရေး မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

Sign Up

Upcoming Events