– အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသည် ကာကွယ် ရေး၀န်ကြီးဌာနနှင့်ပူးပေါင်း၍ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ကူးစက်ရောဂါများဖြစ်ပွားခဲ့သော ကျေးရွာများအတွက် အရေးပေါ်လိုအပ်သော စားနပ်ရိက္ခာများ၊ အဟာရဖြည့်စွက်စာများ ကို တပ်မတော် Y-8 လေယာဉ်ဖြင့် ဟုမ္မလင်းမြို့သို့လည်းကောင်း၊ ဟုမ္မလင်းမြို့မှတဆင့် ရဟတ်ယာဉ်ဖြင့် ခန္တီးမြို့သို့လည်းကောင်း၊ ခန္တီးမြို့မှတဆင့် မော်တော်ယာဉ်များဖြင့် လဟယ်မြို့သို့လည်းကောင်းပို့ဆောင်လျက်ရှိပါသည်။
– ထိုသို့ပို့ဆောင်လျက်ရှိရာ (၁၅-၈-၂၀၁၆) နေ့တွင် တန်ချိန် (၇) တန်ရှိ ဆန်၊ ဆီ၊ ကုလားပဲ၊ ငါးသေတ္တာများကို ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ဟုမ္မလင်းမြို့သို့ တပ်မတော် Y-8 လေယာဉ်ဖြင့်ပို့ဆောင်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦး၀င်းရွှေ နှင့်အဖွဲ့မှ လိုက်ပါ ဆောင်ရွက်ခဲ့ပါသည်။
– ဆက်လက်၍ ဟုမ္မလင်းမြို့သို့ရောက်ရှိပြီးသည့်ပစ္စည်းများကို တပ်မတော်ရဟတ်ယာဉ် ဖြင့် ခန္တီးမြို့သို့လည်းကောင်း ခန္တီးမြို့မှတဆင့် မော်တော်ယာဉ်များဖြင့် လဟယ်မြို့သို့ လည်းကောင်း ဆက်လက်ပို့ဆောင်ပေးလျက်ရှိရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး၀င်းထွဋ်ဦးနှင့်အဖွဲ့မှ သက်ဆိုင်ရာမြို့နယ် တာ၀န်ရှိသူများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှတာ၀န်ရှိသူများနှင့်အတူ လိုက်ပါ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး (၁၆-၈-၂၀၁၆) နေ့အထိ ဟုမ္မလင်းမြို့မှ ခန္တီးမြို့သို့ ရဟတ်ယာဉ် (၃) ခေါက်ဖြင့် ပစ္စည်းများပို့ဆောင်ပြီးဖြစ်ကြောင်း၊ ခန္တီးမြို့မှ လဟယ်မြို့သို့ လည်း မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လျက်ရှိကြောင်းနှင့် ကူးစက်ရောဂါ များဖြစ်ပွားခဲ့သော ကျေးရွာများအရောက် ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။