စက်တင်ဘာ ၉၊ နေပြည်တော်
COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ အတွင်းရှိ ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက Online အခမ်းအနားဖြင့်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ လုပ်ငန်းရပ်များတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများစနစ်တကျနှင့် ပိုမိုခိုင်မာအား ကောင်းစွာ ရေရှည်ရပ်တည်နိုင်စေရေး ပါဝင်ပါကြောင်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ တည်ထောင် ခွင့်ပြုမိန့် မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန်နှင့် ဂေဟာ/သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ် ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများအား ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ပရဟိတဂေဟာများအနေဖြင့် လိုက်နာဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါ ကြောင်း၊ ဝန်ကြီးဌာနအနေနဲ့ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ဆန်ဘိုးငွေ၊ စားစရိတ်၊ ဝတ်စရိတ် ထောက်ပံ့ကြေးများ နှစ်စဉ်ထောက်ပံ့ ပေးရာတွင် ၂၀၁၉–၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျပ်သန်းပေါင်း(၃၂၄၇.၃၄၁)သန်းကို ထောက်ပံ့ ပေးခဲ့ပြီးဖြစ် ကြောင်း၊ ယခုကဲ့သို့ COVID-19 ကာလအတွင်းတွင်လည်း ပရဟိတဂေဟာ/ ရိပ်သာများတွင် လက်ခံစောင့်ရှောက်ထားသူများ၏ အာဟာရပြည့်ဝစေရန် စားနပ်ရိက္ခာအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ COVID-19 စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ ဂေဟာ/ရိပ်သာများရှိ လူဦးရေအလိုက် တစ်ရက်လျှင် (၅၀၀)ကျပ်နှုန်းဖြင့် တစ်လစာအတွက် ငွေကြေးတစ်ကြိမ် ထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း၊ (CERP) အစီအစဉ်အရ ထောက်ပံ့ပေးရာတွင် ပရဟိတဂေဟာနှင့် ရိပ်သာများသာမက အသက်(၈၀)နှင့် (၈၅)နှစ်ကြား အဘိုး/အဘွားများအားလည်း တစ်ဦးလျှင် ကျပ်(၃၀၀၀၀)နှုန်းဖြင့် တစ်ကြိမ် ထောက်ပံ့မှုကို လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးငယ်များအား ထောက်ပံ့ခြင်းအစီအစဉ်တွင် မပါဝင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၉)ခုရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျပ်(၃၀၀၀၀)နှုန်းဖြင့် တစ်ကြိမ်ထောက်ပံ့သည့် ငွေဗိုက်အစီအစဉ် ကိုလည်းကောင်း၊ နေရပ်စွန့်ခွာသူများနှင့် တိုက်ပွဲရှောင် မိသားစုများအား ထောက်ပံ့ခြင်း အစီအစဉ် များကိုလည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ထောက်ပံ့ခြင်းများကို မိမိတို့ ဝန်ကြီးဌာနအပြင် အခြားသောဝန်ကြီးဌာနများမှလည်း (CERP) အစီအစဉ်အရ ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းသည် နိုင်ငံအတွင်းငွေကြေးစီးဆင်းမှုများကို လည်ပတ်နိုင်စေရန် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဆောင်ရွက်ပေးခြင်း ပင်ဖြစ်ပါ ကြောင်း၊ ယခု COVID-19 ကပ်ရောဂါအခြေအနေအရလည်း ကူးစက်မှုများကို ထိန်းချုပ်ဟန့်တားနိုင်ရေးနှင့် ကာကွယ်နိုင်ရေးအတွက် ပရဟိတ ဂေဟာ/ရိပ်သာများမှ တာဝန်ရှိသူများအနေဖြင့်လည်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်ကြေညာသည့် ပန်ကြားချက်များ၊ မေတ္တာရပ်ခံချက် များကို တိတိကျကျလိုက်နာပြီး ရောဂါကာကွယ်ရေးအစီအမံများစီစဉ်ထားကြဖို့ကို အလေးနက်ထား ပြောကြားလိုပါကြောင်း၊ အစိုးရနှင့်ပြည်သူလူထုပူးပေါင်း၍ COVID-19 ကပ်ရောဂါကို ကျော်လွှား နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ကရင်ပြည်နယ်ရှိဂေဟာ(၅)ခုအတွက် ကျပ်သန်းပေါင်း (၃.၆)သန်းကို လည်းကောင်း၊ချင်းပြည်နယ်အတွင်းရှိ ဂေဟာ/ရိပ်သာ (၁၁)ခုအတွက် ကျပ်သန်းပေါင်း(၄.၄၈၅)သန်း ကိုလည်းကောင်း သက်ဆိုင်ရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများမှ ဂေဟာ/ ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့ဝန်းပရဟိတဂေဟာမှ ဂေဟာကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးစောအုန်းတင်ကလည်းကောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့ ဗေသလဘိုးဘွားရိပ်သာ ဂေဟာမှူး၊ ဒေါ်ဗျက်ချင်းကလည်းကောင်း ဂေဟာရိပ် သာများကိုယ်စား ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
#hl2_otr
#npw_sep2020
Source: MOSWRR