(၁၅-၈-၂၀၁၆) ရက်နေ့တွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် ညှိနှိုင်းပူးပေါင်း၍ နာဂဒေသရှိပြည်သူများအတွက် အာဟာရဖြည့်ထောက်ပံ့ပေးသည့် အာဟာရဆန် (၁၀၄) အိတ် ၊ ကုလားပဲ (၆၀၀) ပိဿာ ၊ စားဆီ (၂၀၀) ပိဿာ၊ ငါးသေတ္တာ (၃၃၀၀) ဘူးတို့အား တပ်မတော်မှ (Y8) ကုန်တင် လေယာဉ်ဖြင့် တင်ဆောင်၍ ဟုမ္မလင်းမြို့သို့ ယနေ့ (၁၅:၃၀) နာရီအချိန်တွင်ရောက်ရှိခဲ့ပါသည်။ ဟုမ္မလင်းတွင်လည်း တပ်မတော်မှ ရဟတ်ယာဉ် အသင့်စောင့်ဆိုင်းပြီး ပစ္စည်းများသယ်ချ တင်ပြုလုပ်ရန် တပ်မတော်(ကြည်း)၊ တပ်မတော်(လေ) မှ စစ်သည်များအသင့်ထားရှိကာ အာဟာရဆန် (၃၀) အိတ် ၊ကုလားပဲ (၇) အိတ်၊ စားဆီ (၇၀) ပိဿာ၊ ငါးသေတ္တာ (၁၁၀၀) ဘူးတို့အား တင်ဆောင်၍ ခန္တီးမြို့၊ ၎င်းမှ ရာသီဥတုသာယာပါက ယနေ့ လဟယ်မြို့အထိ ဆက်လက် ပို့ဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ လည်း ဟုမ္မလင်း မြို့အထိလိုက်ပါ၍ ဟုမ္မလင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့သို့ စနစ်တကျ လွဲပြောင်းပေးခဲ့ပါသည်။ ယခု အာဟာရ ဖြည့်ထောက်ပံ့မှုမှာ နာဂဒေသ အတွက် ကနဦးထောက်ပံ့ခြင်းဖြစ်ပြီး ဆက်လက် ၍ထောက်ပံ့မှု လုပ်ငန်းများ လုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း သိရှိ ရပါသည်။