ဘေးသင့်ဒေသများအမြန် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အရ ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးခဲ့သော ကျေးရွာချင်းဆက် ကုန်ထုတ်တံတားငယ်များ အသစ်ပြန်လည်တည်ဆောက်နိုင်ရေး ထောက်ပံ့မှုများ ပေးအပ်

~~~~~~
Source: MOWSWRR
~~~~~~
စက်တင်ဘာ၊ ၇၊ ကျောက်တံခါး
~~~~~~
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးခဲ့ရသော ကျေးရွာချင်းဆက် ကုန်ထုတ်တံတားငယ်များ အသစ်ပြန်လည် တည်ဆောက်နိုင်ရန်အတွက် ထောက်ပံ့ခြင်းကို (၇-၉-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်း၌ ဘေးသင့်ဒေသများအမြန် ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကျောက်တံခါးမြို့ နယ်သို့ COVID-19 ဆိုင်ရာ ထုတ်ပြန်ထားသည့် စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ သွားရောက် ဆောက်ရွက်ခဲ့ပါသည်။
 
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျောက်တံခါးမြို့နယ်၊ အောင်မြင်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူအချို့နှင့်တွေ့ဆုံကာ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများ ၏လိုအပ်ချက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝဘေးကျရောက်ပြီးချိန်တွင် ပြည်သူများခံစားရသော ဘေးဒုက္ခများ အလျင်အမြန်သက်သာစေရန် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့တွင် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ကို ဖွဲ့စည်းပြီး ထိရောက်သောပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တွင် ကျောက်တံခါးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ညှိနှိုင်းတင်ပြမှုကြောင့် ယခုလိုထောက်ပံ့မှုများဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် COVID -19 ကာလတွင် ပြည်သူများ၏ စီးပွားရေးထိခိုက်မှုများ၊ စားဝတ်နေရေးအခက်အခဲများကို လျော့နည်းသက်သာစေရန် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု ကျယ်ပြန့်စွာ မရှိသေးသော်လည်း တစ်ဦးချင်းအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းများ၊ ညွှန်ကြားချက်များကို တိတိကျကျလိုက်နာကြရန်လိုအပ်ပါကြောင်းနှင့် ယခုလို အရေးပေါ်ထောက်ပံ့ မှုများဆောင်ရွက်နိုင်ရန် COVID–19 လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လိုက်နာဆောင်ရွက်ကြသည့် ဒေသခံများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးခဲ့ရသော ခင်အင်းကြီးကျေးရွာအုပ်စု၊ အောင်မြင်ကျေးရွာမှ ခင်အင်းကြီးကျေးရွာသို့ ဆက်သွယ်ထားသော စခန်းဆိုးကျေးရွာချင်းဆက်ကုန်ထုတ်တံတား အသစ်ပြန်လည်တည်ဆောက်နိုင်ရန် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရန်ပုံငွေဖြင့် ငွေကျပ် (၉.၅၅) သန်းကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများနှင့် ပြည်သူများထံသို့ ပေးအပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌက ထောက်ပံ့မှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲနွယ်ကုန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးသို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက ကျောက်တံခါးမြို့နယ်၊ ကျောင်းစိုးကျေးရွာအုပ်စု၊ ထိန်တောကျေးရွာနှင့် ဂွေးကုန်းကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်ကုန်ထုတ် တံတားအသစ်ပြန်လည်တည်ဆောက်နိုင်ရန် ထောက်ပံ့ငွေကျပ် (၉.၅၅) သန်းကို ကျောက်တံခါး မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူများထံသို့ ပေးအပ်ရာ ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တံခါးမြို့၊ မြို့နယ်စီမံကိန်းဦးစီးရုံး သို့ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက ကျောက်တံခါးမြို့နယ်၊ သူဌေးကြီးရွာသစ်ကျေးရွာအုပ်စု၊ ချောင်းကောကျေးရွာနှင့် ဖြူးစုလမ်းကြီးကို ဆက်သွယ်ထားသော ရေအေးစုချောင်းတံတား အသစ်ပြန်လည်တည်ဆောက်နိုင်ရန် ထောက်ပံ့ငွေကျပ် (၉.၉) သန်း၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးမြို့နှင့် သမင်အင်းကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာတို့ ဆက်သွယ်ထားသော မောနာတံတား အသစ်ပြန်လည်တည်ဆောက်နိုင်ရန် ထောက်ပံ့ငွေကျပ် (၉.၉) သန်းတို့ကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများနှင့် ပြည်သူများထံသို့ ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌက ထောက်ပံ့မှုအတွက် ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events