COVID – 19 ကာလအတွင်း ထောက်ပံ့မှုအထူးလိုအပ်သော အမျိုးသမီးများအား ငွေကြေး ထောက်ပံ့ရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လွှဲပြောင်းပေးအပ်

~~~~~~
Source: MOSWRR
~~~~~~
ဩဂုတ်လ ၃ ၊ နေပြည်တော်
~~~~~~
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် COVID-19 ကာလအတွင်း ထိခိုက်လွယ်အခြေအနေတွင်ရှိသော အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစီမံချက်အရ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းက စာရင်းပေးပို့လာသည့် ရပ်တည်ရန်ခက်ခဲသည့် အမျိုးသမီးများနှင့် “မသန်စွမ်းသူများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီ” က စာရင်းပေးပို့သည့် ထောက်ပံ့မှုအထူးလိုအပ်သော မသန်စွမ်းအမျိုးသမီးများအတွက် ငွေကြေး လွှဲပြောင်းထောက်ပံ့ခြင်းကို (၃-၉-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက် ခဲ့ပါသည်။
 
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူချုပ်များပါဝင် တက်ရောက်ကြပြီး မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ တွဲဖက်အတွင်းရေးမှူးဒေါ်ခင်မြဝင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၏ အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူဝင်း၊ အမျိုးသမီးများ၊ အမျိုးသမီးမသန်စွမ်းသူများနှင့် တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
 
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် COVID–19 ကာလအတွင်း ပြည်သူများ၏စားဝတ်နေရေးအဆင်ပြေစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဟန့်အတားများ လျော့နည်းနိုင်သမျှ လျော့နည်းစေရန် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးအစီအစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုအစီအစဉ်ထဲတွင် လူမှုကာကွယ်စောင့်ရှောက်ရေးကိစ္စများ ပါဝင်ပြီး ထိခိုက်လွယ်အုပ်စုများအတွက် ဦးစားပေး ပံ့ပိုးကူညီမှုများဆောင်ရွက်ပါကြောင်း၊ ထိခိုက်လွယ်အုပ်စုများမှာ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများပါဝင်ပါကြောင်း၊ ယခုလိုကာလ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာချိန်တွင် မိသားစုတစ်ခုကို ဦးဆောင်ရသည့် အမျိုးသမီးများအနေဖြင့် လုံလောက်သည့်ဝင်ငွေ မရရှိနိုင်တော့သဖြင့် အစိုးရက ပံ့ပိုးကူညီရခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိပြီး ဒီမိုကရေစီစံနှုန်းနှင့်ကိုက်ညီအောင် ကြိုးပမ်းလျက်ရှိကြောင်း၊ ခွဲခြားဆက်ဆံမှုမရှိဘဲ အားလုံးသာတူညီမျှခံစား ရရှိရေးကို ဦးတည်ပါကြောင်း၊ အဆိုပါကိစ္စကို COVID-19 ကာလတွင် ပို၍အလေးထားရပါကြောင်း၊ ယနေ့ပါဝင်ဆောင်ရွက်သည့် မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်းသည် ရပ်တည်ရန်ခက်ခဲသော အမျိုးသမီးများအား အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ကြားပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ထိုအမျိုးသမီးများထဲတွင် ကာကွယ်စောင့်ရှောက်ဖို့လိုအပ်သော၊ မသန်စွမ်းသော၊ ပဋိပက္ခဒေသများအတွင်း နေထိုင်ရသော အမျိုးသမီးများနှင့် COVID-19 ကာလအတွင်း လုပ်သားအင်အား လျှော့ချခံရသော အမျိုးသမီးများပါဝင်ကြောင်း၊ ထိုသူများကို စိစစ်၍ ကူညီပံ့ပိုးရန် အခုလိုပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် မသန်စွမ်းသူများ၏ အခွင့်အရေးများရရှိရေး၊ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အခမ်းအနားတွင် မသန်စွမ်းသူများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီက စာရင်းပြုစုပေးပို့လာသည့် မသန်စွမ်းအမျိုးသမီးများအတွက် ထောက်ပံ့ပေးမှုလည်းပါဝင်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ COVID -19 စီးပွားရေးထိခိုက်မှု သက်သာရေးအစီအစဉ်အရ သုံးစွဲနေသော ငွေကြေးများသည် အကန့်အသတ်ရှိသော ပြည်သူ့ဘဏ္ဍာငွေများဖြစ်ရာ အကောင်အထည်ဖော်ရာတွင် ထိရောက်မှုရှိရေး၊ အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ရရှိခံစားနိုင်ရေးတို့သည် အရေးကြီးကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။
 
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ တွဲဖက် အတွင်းရေးမှူးဒေါ်ခင်မြဝင်းနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းတို့က ထောက်ပံ့မှုများအတွက် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြပါသည်။
 
ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ အမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပဋိပက္ခလွန်ဒေသများနှင့် ဝေးလံခေါင်ပါးသော ကျေးလက်ဒေသများရှိ COVID-19 ကာလရပ်တည်ရန်ခက်ခဲသည့် အမျိုးသမီး (၂၂၄) ဦး တို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၁၂) သိန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦစီးဌာန ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် တာဝန်ရှိသူထံသို့ အလုပ်လုပ်ကိုင်ရန်ခက်ခဲပြီး အထူးလိုအပ်မှုရှိသည့် မသန်စွမ်းအမျိုးသမီး (၃၀၀) ဦးတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် သိန်း(၁၅၀) တို့ကို ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events