လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့၊ တိုက်ကြီးမြို့ရှိ ရေဘေးရှောင်စခန်းများသို့ သွားရောက်ကြည့်ရှုအားပေးမှုသတင်း

၁။      မိုးရွာသွန်းမှုများပြီးမြစ်ရေလျှံတက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ် လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့ရှိ၊ မြသက်သာဘုန်းတော်ကြီး ကျောင်းတွင် ယာယီဖွင့်လှစ်ထားရှိသောရေဘေးရှောင်စခန်းသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဝန်ကြီးဌာနတာဝန်ရှိသူများလိုက်ပါလျက် ရောက်ရှိကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဥက္ကံမြို့ဝန်းကျင်ဒေသတစ်ဝိုက်တွင် လှိုင်မြစ်ရေစတင်လျော့နည်းလာပြီဖြစ်သော်လည်း ပြန်လည်အခြေချ နေနိုင်ရန်အတွက် ရက်အနည်းငယ်လိုအပ်နေသဖြင့် ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရေဘေးရှောင် စခန်းများသို့ မလာရောက်ဘဲကျေးရွာများတွင် ကျန်ရှိနေခဲ့သည့် ပြည်သူများအတွက်လည် ထောက်ပံ့မှုများစနစ်တကျရောက်ရှိရေး နှင့် ထောက်ပံ့မှုများကို မျှမျှတတရရှိနိုင်ရေးအတွက် တာဝန်ရှိသူများနှင့်ညှိနှိုင်းပေးခဲ့ပါသည်။ ထို့နောက်ရေဘေးရှောင်ပြည်သူများ အတွက် ထပ်မံထောက်ပံ့ငွေ (၅၃၂၇၇၀၀/-) ကျပ်နှင့် ထပ်မံပြောင်းရွေ့ရောက်ရှိလာသောရေဘေးရှောင် မိသားစု (၇၉) စုအတွက် Family Kit များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

၂။      ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုက်ကြီးမြို့၊ သာသနာ့ဗိမာန် ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ယာယီ ရေဘေးရှောင်စခန်းရှိပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားပါသည်။ ထို့နောက် ဆန်ဘိုး (၇) ရက်စာထပ်မံထောက်ပံ့ ငွေ (၃၀၇၀၂၀၀/-) နှင့် Family Kit ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာတာဝန်ရှိသူများက လက်ခံရယူကြပါသည်။ မွေးကင်းစ (၃) လအောက် ကလေးမိခင် (၃) ဦးကိုလည်း မိခင်အာဟာရဖြည့်တင်းရန်အတွက် ထောက်ပံ့ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့နှင့် တိုက်ကြီးမြို့နယ်များရှိရေဘေးသင့်ပြည်သူများအတွက် စုစုပေါင်းရက်သတ္တ (၂) ပတ်စာ၊ ဆန်ရိက္ခာပစ္စည်းများ ထောက်ပံ့ ပေးပြီးဖြစ်ပါသည်။ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းကလည်း ဆန်၊ ရေသန့်နှင့်အခြားပစ္စည်းများ ကို လာရောက်လှူဒါန်းခဲ့ပါသည်။

၃။      ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပသောအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင် (၁၀) ဦးမှ လှူဒါန်းသည့်  အလှူငွေ (၆၆၄) သိန်းနှင့်ဆေးပစ္စည်းများကို လက်ခံရယူခဲ့ပါသည်။

၄။      ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် သတင်းမီဒီယာများတွေ့ဆုံပွဲကို ဆက် လက်ကျင်းပရာပြည်တွင်း/ပြည်ပသတင်းမီဒီယာ (၂၅) ခုနှင့် လူမှုအဖွဲ့အစည်း (၅) ဖွဲ့မှ တက်ရောက်ခဲ့ပါသည်။ သတင်းမီဒီယာများ က သဘာဝဘေးကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်အလက်များကိုမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနားကို ညနေ ( ၅ ) နာရီချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

Sign Up

Upcoming Events