ဩဂုတ် ၃၁၊ နေပြည်တော်
~~~~~~~~~
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စုများ၊ အသက် (၈၀)နှစ်နှင့်အထက် (၈၅)နှစ်အောက် ဘိုးဘွားများအတွက် COVID – 19 စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပုံမှန်စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ်အရ ပလက်ဝမြို့နယ်၊ တိန်းလက်ဝကျေးရွာရှိ တိုက်ပွဲရှောင်သူများအတွက် စားနပ်ရိက္ခာ(၃)လစာ လွှဲပြောင်းပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်တို့က (၃၁-၈-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ချင်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ပေးကြသော ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက COVID–19 စီးပွားရေးကုစားမှုအစီအစဉ်အရ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပြည်နယ်(၅)ခုရှိ တိုက်ပွဲရှောင်စခန်းများနှင့် IDP စခန်းများတွင်နေထိုင်ကြသည့် အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာများဝယ်ယူနိုင်ရန် အိမ်ထောင်စုအလိုက် ငွေကြေးထောက်ပံ့ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အသက်(၈၀)နှစ်နှင့်အထက် (၈၅)နှစ်အောက် ဘိုးဘွားများအား COVID – 19 ကာလ အထူးလူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့မှုများ ပေးအပ်လျက်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ထပ်မံစာရင်းကောက်ယူရရှိသော မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ခြင်းများကို ပေးအပ်လျက်ရှိကြောင်း၊ ထို့အပြင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစတင်၍ ဆောင်ရွက်လျက်ရှိသော COVID–19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးစီမံချက်များအရ တိုက်ပွဲရှောင်စခန်းများ၊ IDP စခန်းများတွင် COVID – 19 ဆိုင်ရာ အသိပညာပေးခြင်းကို ကျယ်ပြန့်ထိရောက်စွာနှင့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် အသိပညာပေး နှိုးဆော်အကြံပြုချက်များ ထည့်သွင်းထားသော Memory Stick များနှင့် လက်ကိုင်အသံချဲ့စက်များ ပံ့ပိုးခြင်း၊ Mask ၊ Face Shield ၊ လက်ဆေးဆပ်ပြာ၊ ဘေစင်၊ အပူချိန်တိုင်းကိရိယာများနှင့် ရေရရှိရေးပံ့ပိုးပေးခြင်း၊ စခန်းများတွင် သံသယလူနာတွေ့ရှိပါက သီးခြားခွဲ၍ နေထိုင်နိုင်ရန် Long House များ တည်ဆောက်နိုင်ရန် ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုထောက်ပံ့မှုများသည် COVID–19 ကာလအတွင်းပြည်သူများ၏ အခက်အခဲများကို လက်တွေ့ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် ချင်းပြည်နယ်အတွင်း မိမိတို့ဝန်ကြီးဌာနက ပုံမှန်ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို COVID–19 စည်းကမ်းချက်များနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်၍ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ယခုအခါ၌ COVID–19 ကူးစက်ပြန့်နှံ့မှု များပြားလာသဖြင့်လည်းကောင်း၊ ချင်းပြည်နယ်သည် COVID–19 ကူးစက်ပြန့်နှံ့မှုများပြားသော အိန္ဒိယနိုင်ငံနှင့် ဆက်စပ်မှုရှိသောကြောင့်လည်းကောင်း အထူးသတိပြုရန်နှင့် မိမိတို့အနေဖြင့် လိုအပ်ချက်များကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်ပြည်သူများကလည်း ပူးပေါင်းပါဝင် ပေးကြဖို့လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ်က ချင်းပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင်စခန်းနှင့် IDP စခန်းများတွင် နေထိုင်ကြသူများ၊ ပြည်နယ်အတွင်းရှိ သက်ကြီးရွယ်အို ဘိုးဘွားများအတွက် ထောက်ပံ့မှုများကို အကျိုးခံစားခွင့်ရှိသူများ လက်ဝယ် အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိပါ ကြောင်းနှင့် COVID -19 ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှုများကို စနစ်တကျ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပလက်ဝနှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု ၁,၉၈၂ (ထောင့်ကိုးရာ ရှစ်ဆယ့်နှစ်) စုအတွက်ထောက်ပံ့ငွေကျပ် (၇၉.၂၈) သန်း၊ တိန်းလက်ဝကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၇၉) စု၊ လူဦးရေ(၉၂၁)ဦးအတွက် စားနပ်ရိက္ခာ(၃)လစာ ထောက်ပံ့ငွေကျပ် (၃၃,၃၃၀,၉၀၀) (သုံးရာ သုံးဆယ့် သုံးသိန်း သုံးသောင်းကိုးရာ)၊ ပလက်ဝမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့်အထက် (၈၅) နှစ်အောက် ဘိုးဘွား(၁၈၄) ဦးအတွက် ထောက်ပံ့ငွေကျပ် (၅.၅၂) သန်းတို့ကို ချင်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးများက ချင်းပြည်နယ်အစိုးရဝန်ကြီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ချင်းပြည်နယ်အတွင်း စာရင်းကောက်ယူရရှိသော မသန်စွမ်းသူဦးရေ ၆,၁၃၀ (ခြောက်ထောင်တစ်ရာသုံးဆယ်)ဦးတို့အတွက် လွှဲအပ်ပြီးဖြစ်သော ငွေကျပ် (၁၈၃.၉) သန်းကို မသန်စွမ်းသူများလက်ဝယ်အရောက် ပေးအပ်လျက်ရှိကြောင်းလည်း သတင်းရရှိပါသည်။