ရခိုင်ပြည်နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေရသော လုပ်ငန်းများ COVID – 19 ကာလ ထိရောက်စွာဆောင်ရွက်နိုင်ရန် စည်းကမ်းချက်များနှင့်အညီ အင်အားဖြည့်တင်းနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း

ဩဂုတ်လ၊ ၃၀၊ နေပြည်တော်
ရခိုင်ပြည်နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက လက်ရှိတာဝန်ယူဆောင်ရွက်နေရသော လုပ်ငန်းများကို COVID – 19 ကာလတွင် ထိရောက် စွာဆောင်ရွက်နိုင်ရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အင်အားဖြည့်တင်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာနများ၏ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးများက ယနေ့ညနေ ပိုင်းတွင် Video Conferencing စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။
ဆွေးနွေရာ၌ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်တွင် နိုင်ငံတော်အစိုးရ၏ COVID–19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်နှင့် ဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစတင်၍ ဆောင်ရွက်လျက်ရှိသော COVID–19 ကူးစက်ရောဂါနှင့် ပတ်သက် ၍ ကြိုတင်ပြင်ဆင်ရေးစီမံချက်များအရ IDP စခန်များ၊ တိုက်ပွဲရှောင်စခန်းများတွင် COVID–19 အသိပညာပေးမှုများ၊ စားနပ်ရိက္ခာထောက်ပံ့မှုများ၊ ထိခိုက်လွယ်အုပ်စုများအား ထောက်ပံ့မှုများ၊ ရေရရှိရေးနှင့် အဆောက်အဦလိုအပ်ချက်ပံ့ပိုးမှုများကို အရှိန်မပျက်ဆက်လက်ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ ထို့အပြင် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ အတွင်းရေးမှူး ရုံးအနေဖြင့် COVID–19လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ပေးရာတွင် မြေပြင်အခြေအနေအရလိုအပ်ချက်များကို အချိန်နှင့်အမျှ စိစစ်ရန်လိုအပ်ကြောင်း၊ ယခုအခါ ရခိုင်ပြည်နယ်အတွင်း ရောဂါကူးစက်ပြန့်နှံ့မှုနှုန်း များပြားလာ၍ ပြည်နယ်ရှိ မိမိတို့ဌာနများ၏ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် အင်အားလိုအပ်ချက်များ ရှိလာပြီဖြစ်ကြောင်း၊ ထိုလိုအပ်ချက်များကို COVID–19 ကာလ ထုတ်ပြန်ထားသော စည်းကမ်းချက် များနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ရန် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆွေးနွေမှုများတွင် အတွေ့အကြုံရှိပြီးဖြစ်သော အမှုထမ်း၊ အရာထမ်းများက ရခိုင်ပြည်နယ် သို့ မိမိတို့ဆန္ဒအလျောက် ခေတ္တသွားရောက်ကူညီပေးနိုင်ရေး၊ ဝန်ထမ်းများ၏ နေထိုင်ရေး၊ စားသောက်ရေးတို့ကို စီစဉ်ပံ့ပိုးပေးနိုင်ရေး၊ တာဝန်ထမ်းဆောင်ရာတွင် ရောဂါကူးစက်ခံရမှု မရှိစေရန် COVID – 19 ထိန်းချုပ်၊ ကာကွယ်ရေး လမ်းညွှန်ချက်များကို တိကျစွာလိုက်နာစေရေး၊ ရောဂါအကာအကွယ်ပစ္စည်းများ လုံလောက်မှုရှိအောင်ဖြန့်ဝေပေးနိုင်ရေး၊ ရခိုင်ပြည်နယ်သို့ ပေးပို့ထားသော စေတနာ့ဝန်ထမ်းများနှင့် ဒေသခံစေတနာ့ဝန်ထမ်းများကို ချိတ်ဆက်ပူးပေါင်း၍ Quarantine Center များတွင် စနစ်တကျပါဝင်ကူညီနိုင်ရေး၊ စေတနာ့ဝန်ထမ်းများ ကူးစက်ခံရမှု မရှိစေရန် အထူးဂရုပြုဆောင်ရွက်စေနိုင်ရေး၊ တစ်ကိုယ်ရေလုံခြုံရေးအကာအကွယ်ပစ္စည်းများ ပြတ်တောက်မှုမရှိစေရေးနှင့် အရည်အသွေးပြည့်မီစေရေး၊ လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက် လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် CERP အစီအစဉ်အရထောက်ပံ့ကူညီမှုများ ပေးရာတွင် COVID – 19 ကူးစက်ပြန့်နှံ့မှုကြောင့် နှောင့်နှေးခြင်းမရှိစေရန် ရခိုင်ပြည်နယ်အတွင်း အကျိုးခံစားခွင့်ရှိသူများအားလုံး လိုအပ်ချိန်တွင်ရရှိခံစားနိုင်စေရေးအားဖြည့် စီစဉ်ဆောင်ရွက်ပေး နိုင်ရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနများ၊ ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#npw_aug2020

Source: MSWRR

Sign Up

Upcoming Events