လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၁၄) ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့ရှိ ကျေးရွာများသို့ ကွင်းဆင်းကာ သက်ကြီးဝါကြီးများနှင့် တွေ့ဆုံ၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၁၄) ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့သို့ ရောက်ရှိပြီး တော်ကြပ်ကျေးရွာ၊ ညောင်တပင်ကျေးရွာ၊ ကုန်တန်းကလေးကျေးရွာနှင့် ကျုံသင်ကျေးရွာများသို့ ကွင်းဆင်း၍ မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းစီမံချက်အတိုင်း သက်ကြီးဝါကြီးများနှင့် တွေ့ဆုံ၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ဖျာပုံမြို့တောင်ပိုင်းရပ်ကွက်၊ အမက (၇) စာသင်ကျောင်းသို့ ရောက်ရှိပြီး မိဘများလှူဒါန်းခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးခဲ့သော စာသင်ဆောင်ပြုပြင်မွမ်းမံရန်အတွက် လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပါသည်။ ထို့နောက် ရွှေရတုခန်းမ၌ ဖျာပုံမြို့နယ်၊ အောင်သာယာကျေးရွာမှ လူကုန်ကူးခံရပြီး ပြန်လည်ရောက်ရှိလာသူများကို တွေ့ဆုံပြီး လူကုန်ကူးခံရမှုကာကွယ်တားဆီးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရရှိရေးနှင့် အသေးစားမတည်ချေးငွေရရှိရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပါသည်။
ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ကျုံကူးကျေးရွာနှင့် အကြီးဝကျေးရွာများသို့ ကွင်းဆင်းပြီး သက်ကြီးဝါကြီးများအတွက် လူမှုစီးပွားဘဝမြင့်မားရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ဘိုကလေးမြို့သို့ ရောက်ရှိပြီး ဘိုကလေးမြို့နယ်၊ ကျောင်းချောင်းကျေးရွာ၊ သာပေါင်းကျေးရွာနှင့် ကျောင်းစုကျေးရွာများသို့ ကွင်းဆင်းပြီး သက်ကြီးဝါကြီးများနှင့်တွေ့ဆုံ၍ ဖျာပုံခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန်နှင့် အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများနှင့်လည်း အံဝင်ခွင်ကျဖြစ်စေရန်အတွက် အသက် (၈၀) နှစ်ကျော်နှင့်အထက် သက်ကြီးဝါကြီးများ၏ လူမှုစီးပွားဘဝများ မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events