ဩဂုတ်လ၊ ၂၉၊ နေပြည်တော်
နိုင်ငံတော်အစိုးရ၏ COVID – 19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်အရ ချင်းပြည်နယ်၊ ဆမီးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာများ ဝယ်ယူနိုင်ရန် ငွေကြေးထောက်ပံ့ခြင်းနှင့် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု များအတွက် ဆက်လက်ထောက်ပံ့ပေးနိုင်ရေးညှိနှိုင်းဆွေးနွေးမှုများကို ယနေ့ညနေပိုင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက Video Conferencing စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများပါဝင် ဆွေးနွေးခဲ့ကြပါသည်။
ပထမဦးစွာ ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးက COVID – 19 စီးပွားရေးကုစားမှုအစီအစဉ်အရ တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် စားစရိတ် ထောက်ပံ့ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့၏ဝန်ထမ်းများအနေဖြင့် တိုက်ပွဲရှောင်စခန်း များသို့ ထောက်ပံ့မှုများ သွားရောက်ဆောင်ရွက်ကြရာတွင် COVID -19 ၏ စည်းကမ်းချက်များ နှင့်အညီ လိုက်နာကြရန် အရေးကြီးကြောင်းနှင့် လမ်းခရီး၊ နယ်မြေ အခက်အခဲအမျိုးမျိုးကြားက ပြည်သူများအတွက် ဌာန၏တာဝန်များကို ကြိုးပမ်းဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ချင်းပြည်နယ်အတွင်း COVID – 19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) စီမံချက်အရ ထောက်ပံ့မှုများဆောင်ရွက်ရာ၌ (၂၅.၈.၂၀၂၀)ရက်နေ့နှင့် (၂၆.၈.၂၀၂၀)ရက်နေ့များတွင် ချင်း ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မတူပီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန တာဝန်ရှိသူများ ပူးပေါင်း၍ ဆမီးမြို့သို့ သွားရောက်ကာ ဆမီးမြို့ရှိ တိုက်ပွဲရှောင်စခန်း (၄) ခုရှိ အိမ်ထောင်စု (၈၁၂) စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၄) သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ( ၃၂,၄၈၀,၀၀၀) အပြင် လက်ဆေးဆပ်ပြာများကိုပါ တိုက်ပွဲရှောင်မိသားစုများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါသည်။
ထို့အပြင် ပလက်ဝမြို့ပေါ်နှင့် ကျေးရွာများရှိ တိုက်ပွဲရှောင်စခန်း (၁၉) ခုမှ အိမ်ထောင်စု (၁၁၁၃) စုအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၄၄,၅၂၀,၀၀၀) ကို လာမည့် စက်တင်ဘာလ ပထမပတ်မှစ၍ ပြည်နယ်တိုက်ပွဲရှောင်ကြီးကြပ်မှုကော်မတီ ဒုတိယဉက္ကဌ ပြည်နယ်စည်ပင် သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး၏ ကြီးကြပ်မှုဖြင့်ပလက်ဝမြို့နယ်၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပလက်ဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ပလက်ဝမြို့နယ် တိုက်ပွဲရှောင်ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းကာ အိမ်ထောင်စုများ လက်ဝယ်အရောက်ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ပါသည်။
ထို့အပြင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးစီမံချက်အရ ပလက်ဝမြို့၊ ဆမီးမြို့နှင့် စိမ့်စင်းဝကျေးရွာတို့ရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများတွင် COVID – 19 သံသယလူနာတွေ့ရှိပါက သီးသန့်ထားရှိနိုင်ရေးအတွက် ထောက်ပံ့ပေးသော ငွေကျပ်သိန်း (၃၅၀) ဖြင့် Long House (၇) လုံးတည်ဆောက်ပြီးဖြစ်ပါသည်။
ထပ်မံ၍ ပလက်ဝမြို့၊ ဆမီးမြို့နှင့် မီးဇာကျေးရွာတို့တွင် Long House (၅) လုံး ဆောက်လုပ်နိုင်ရန် ထောက်ပံ့ငွေကျပ် သိန်း(၃၆၀) ကိုလည်း ထပ်မံခွင့်ပြီးပေးထားပြီးဖြစ်ပါ သည်။ ထို့အပြင် တိုက်ပွဲရှောင်ပြည်သူများအတွက် ပလက်ဝမြို့နယ်၊ စိမ့်စင်းဝကျေးရွာတွင် တန်ဖိုးနည်း ဝါးကပ်လုံးချင်းအိမ် (၁၆၃) လုံး၊ မီးဇာကျေးရွာတွင် (၁၀၇) လုံးဆောက်လုပ်နိုင်ရန် အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ငွေကျပ် (၅၄.၁၀၂) သန်းကို ချင်းပြည်နယ်အစိုးရအဖွဲ့ လွှဲပြောင်းထောက်ပံ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
#hl1_0tr
#npw_aug2020
Source: MOSWRR