ဩဂုတ်လ (၂၄)၊ နေပြည်တော်
မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀ – ၂၀၂၄) အတည်ပြုခြင်းနှင့် စပ်လျဉ်း၍ လူငယ်ရေးရာကော်မတီဝင် လူငယ်များအား အသိပေးရှင်းလင်းဆွေးနွေးခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဝင်လူငယ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ UNFPA Myanmar နှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများပါဝင် တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့အစိုးရက ပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်များကို ဥပဒေဘောင် အတွင်းက ဖော်ဆောင်ပေးခြင်းဖြစ်ပါကြောင်း၊ စနစ်တကျအကောင်အထည်ဖေါ်နိုင်ဖို့ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းတွေလိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်တွေကို ပြုစု ပျိုးထောင်ဖို့နှင့် ကာကွယ်စောင့်ရှောက်ဖို့ ဥပဒေများချမှတ်ပေးခဲ့ပြီး ကလေးဘဝရှေ့ဆောင် ရက်(၁၀၀၀) စီမံချက် (MCCT)၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (ECCD) စီမံချက်၊ မသန်စွမ်းမှုကို ကာကွယ်နိုင်တဲ့ (ECI) စီမံချက်စသည်တို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ အရည်အချင်းပြည့်ဝတဲ့ အနာဂတ်မျိုးဆက်သစ်များ ထွက်ပေါ်လာဖို့ ရည်ရွယ်ပါကြောင်း၊ သို့မှာသာ ဉာဏ်ရည်ထက်မြက်သော၊ ကျန်းမာသော မျိုးဆက်သစ်လူငယ်များထွက်ပေါ်လာနိုင်မှာ ဖြစ်ပါ ကြောင်း၊ လူငယ်ကာလအတွက် ကလေးဘဝအစ ရက် (၁၀၀၀) က စတင်နေချိန်မှာဘဲ မျက်မှောက်ခေတ်လူငယ်များအတွက် အခွင့်အရေးများကို အပြည့်အဝရရှိအောင် ဖေါ်ဆောင်ပေး မည့် လူငယ်ရေးရာမူဝါဒ ပေါ်ပေါက်အောင် လမ်းဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယနေ့တွင် လူငယ်များ ကိုယ်တိုင်ပါဝင်ရေးဆွဲပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရမည့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀ _ ၂၀၂၄) ကို ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုပေးခဲ့ပြီး ဖြစ်သည်ကို ဝမ်းမြောက်စွာ အသိပေးလိုပါကြောင်း၊ မဟာဗျူဟာပါလုပ်ငန်းစဉ်များသည် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်း၊ လူငယ်တစ်ဦး ချင်းက အခွင့်အရေးများကို တရားမျှတခြင်း၊ လွတ်လပ်လုံခြုံခြင်း၊ သာတူညီမျှခြင်းတို့ဖြင့် ခံစားရရှိနိုင်ရေး၊ အနာဂတ်နိုင်ငံကို လက်ဆင့်ကမ်းအမွေရယူပြီး ငြိမ်းချမ်းသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ သည် မလွဲမသွေ ပြည်ထောင်စုနိုင်ငံဖြစ်ရမည် ဖြစ်ကြောင်း၊ လူမျိုးပေါင်းစုံနေထိုင်သည့် ပြည်ထောင်စုနိုင်ငံတွင် လူမျိုးတိုင်း၏ မျိုးချစ်စိတ်များကို ညီညွတ်စွာဖြင့် တစ်စုတစ်စည်းဖြစ်သော ပြည်ထောင်စုစိတ်အဖြစ် ဖေါ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ အစိုးရ၏ ငြိမ်းချမ်းရေးဖေါ် ဆောင်မှု လုပ်ငန်းစဉ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ –၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ် ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြုပြီး လူမျိုးပေါင်းစုံ၊ ဘာသာ စကားပေါင်းစုံတို့ဖြင့် “စည်းလုံးညီညွတ်သည့် တစ်ခုတည်းသော ပြည်ထောင်စု” ကို နိုင်ငံသားအားလုံး စုပေါင်းပုံဖေါ်ရန် သဘောတူစာချုပ်ချုပ်ဆို နိုင်ခဲ့ပါကြောင်း၊ လူငယ်များသည် ဒီတာဝန်များကို ဆက်လက်လက်ဆင့်ကမ်းအမွေယူ၍ မိမိတို့ တာဝန်ယူရမည့် ကဏ္ဍအသီးသီးမှာ တာဝန်ကျေနိုင်ကြဖို့ စွမ်းဆောင်ရည်များကို မြှင့်တင်ထားနိုင်ဖို့ လိုပါကြောင်း၊ လူငယ်များ အနေဖြင့် ပြည်ထောင်စု စိတ်ဓါတ်ဖြင့် အားလုံးတစ်ညီတစ်ညွတ်တည်း မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀ – ၂၀၂၄) ကို ဦးစားပေးကဏ္ဍများဖေါ်ထုတ်ပြီး ဒေသအလိုက် နည်းဗျူဟာ လုပ်ငန်း စဉ်များဖေါ်ဆောင်ကာ သစ်လွင်ဆန်းသစ်သော စိတ်ကူးစိတ်သန်း၊ တွေးခေါ်ဖန်တီးမှုများ၊ အပြုသဘောဆောင်သော သုံးသပ် အကြုံပြုခြင်း၊ အချင်းချင်းအတွေ့အကြုံ အသိ အမြင်များ ဖလှယ်ခြင်းများဖြင့် အားလုံးလက်တွဲပူးပေါင်း အကောင်အထည်ဖော် ကြဖို့ တိုက်တွန်းပါကြောင်း၊ လတ်တလောအနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးအစိုးရ၏ လုပ်ငန်းစဉ်များတွင် လူငယ်များကမည့်သည့်ဒေသတွင် နေထိုင်စေကာမှု တစ်ခုတည်းသော ပြည်ထောင်စုစိတ်ဖြင့် ပါဝင်ကူညီကြရရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် စေတနာ့ဝန်ထမ်းလူငယ်များ အလှည့်ကျ တစ်လခန့်ကြာ လုပ်အားပေး တာဝန်ထမ်းဆောင်ရန် စီစဉ်လျက်ရှိကြောင်း၊ COVID-19 ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိမိတို့ဒေသအလိုက်ပါဝင်ခဲ့ကြသော စေတနာ့ဝန်ထမ်း လူငယ်များအနေဖြင့် မိမိတို့၏ဆန္ဒအလျောက် ပါဝင် ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ တွဲဖက်အထွေထွေအတွင်းရေးမှူးက လူငယ်ရေးရာမူဝါဒအရ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ဦးစားပေးကဏ္ဍများ၊ ဒေသအလိုက်ရေးဆွဲထားသော လုပ်ငန်းစီမံချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော လူငယ်ရေးရာကော်မတီဝင်များက မဟာဗျူဟာနှင့် ပတ်သက်၍ ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်၊ မြို့နယ်အဆင့်အလိုက် ဆောင်ရွက် ရမည့်လုပ်ငန်းများကို ထပ်မံဆွေးနွေး နိုင်ရေး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် စသည့်ဖြင့် လူငယ်ကော်မတီများ ဆက်လက်ဖွဲ့စည်းနိုင်ရေး၊ အတည်ပြုပြီးသော မဟာဗျူဟာကို ဖြန့်ဝေပေးနိုင်ရေး၊ အကောင်အထည် ဖေါ်ရန်လုပ်ငန်းစဉ်များအလိုက် ဘဏ္ဍာရန်ပုံငွေရရှိရေး၊ လူငယ်စင်တာ မြေနေရာရရှိရန် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်အတွက် အစိုးရက ဆောင်ရွက်မည့် COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးဆောင်ရွက်မည့် လုပ်ငန်း စဉ်များတွင် မိမိတို့ဆန္ဒအရ ပါဝင်ကူညီပေးနိုင်မည့် လူငယ်စေတနာ့ဝန်ထမ်းများအား စုစည်းပါဝင်နိုင်ရေးတို့ကို ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးညှိနှိုင်းပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1_otr
#npw_aug2020
Source: MOSWRR