၂၀၁၆ခုနှစ်၊ဇူလိုင်လလယ်ခန့်မှစတင်ဖြစ်ပွားလျက်ရှိသောရေကြီးရေလျှံမှုများကြောင့်တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီပြောင်းရွှေ့နေရာချထားပေးမှုများရှိခဲ့ရာ (၁၁-၈-၂၀၁၆)နေ့အထိအိမ်ထောင်စု(၉၈၀၀၀)ကျော်မှလူဦးရေ(၄)သိန်း(၂)သောင်းကျော်ကို ဘေးလွှတ်ရာနေရာများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။လူ(၆)ဦးသေဆုံးခဲ့ပါသည်။ သို့သော် ယခုအခါ အချို့နေရာများ တွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ပြန်လည်ရွှေ့ပြောင်းလျက်ရှိကြရာ-
-ကချင်ပြည်နယ်တွင် ရေများကျဆင်းသွားပြီဖြစ်ပြီးကယ်ဆယ်ရေးစခန်းများမရှိတော့ပါ။
-စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ်(၁၂)မြို့နယ် ရေဘေးဒဏ်ခံစားခဲ့ရပြီး ယခုအခါ မြို့နယ်အားလုံးတွင် ရေများပြန်လည်ကျဆင်းသွားပြီး ကယ်ဆယ်ရေးစခန်းများလည်း ပိတ်သိမ်းပြီးဖြစ်ပါသည်။
-မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ်(၁၂)မြို့နယ်ရေဘေးဒဏ်ခံစားရလျက်ရှိပြီး ယခုအခါရေများပြန်လည်ကျဆင်းလျက်ရှိကြောင်းသိရပါသည်။
-မကွေးတိုင်းဒေသကြီးတွင် မြို့နယ်(၁၄)မြို့နယ် ရေဘေးဒဏ်ခံစားရလျက်ရှိပြီးယခုအခါ ရေများပြန်လည်ကျဆင်းလျက်ရှိကြောင်း၊ (၁၄)မြို့နယ်အနက် မကွေးမြို့နယ်တွင် ကယ်ဆယ်ရေးစခန်းမရှိတော့ကြောင်းသိရပါသည်။
-ပဲခူးတိုင်းဒေသကြီးတွင်မြို့နယ်(၉)မြို့နယ် ရေဘေးဒဏ်ခံစားရလျက်ရှိပြီး ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ဆဲဖြစ်ကြောင်းသိရပါသည်။
-ဧရာဝတီတိုင်းဒေသကြီးတွင်မြို့နယ်(၁၂)မြို့နယ် ရေဘေးဒဏ်ခံစားရလျက်ရှိပြီးကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ဆဲဖြစ်ကြောင်းသိရပါသည်။
-ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်(၃)မြို့နယ် ရေဘေးဒဏ်ခံစားရလျက်ပြီး ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ဆဲဖြစ်ကြောင်းသိရပါသည်။
-မွန်ပြည်နယ်၊ သထုံမြိ့နယ်တွင်ရေဘေး ဒဏ်ခံစားခဲ့ ရပြီး ရေများပြန်လည်ကျဆင်းသွားပြီဖြစ် ကြောင်းသိရှိရပါသည်။
-အဆိုပါရေဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူများအတွက်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာ(၁၅-၇-၂၀၁၆)မှ (၁၁-၈-၂၀၁၆)ရက်နေ့အထိ ဆန်၊ ခေါက်ဆွဲ၊ ရေသန့်၊ ငါးသေတ္တာ၊ ရေသန့်ဆေးပြား၊ ကယ်ဆယ်ရေးပစ္စည်း များ၊မိုးကာစ၊ ရေမျောပါပျက်စီးသည့် အိမ်များအတွက်ထောက်ပံ့မှု၊ သေဆုံးသူထောက်ပံ့မှုများအတွက် စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း (၄၆၈၀)ကျော်ထောက်ပံ့ပေး ခဲ့ပြီးဖြစ်ကြောင်း၊သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။