ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ နေပြည်တော်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများအား ငွေကြေးအကူအညီများပေးအပ်

ဩဂုတ် ၂၂၊ နေပြည်တော်
နိုင်ငံတော်အစိုးရ၏ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများတွင် အကျုံးဝင်သည့် အသက်(၈၀)နှစ်နှင့်အထက်၊ အသက်(၈၅)နှစ်အောက်ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ငွေကြေးအကူအညီ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း၌ COVI-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ကာ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ တစ်ဦးလျှင် ထောက်ပံ့ ငွေကျပ် (၃)သောင်းကို ဘိုးဘွားများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြပါသည်။
ထို့နောက် ဥတ္တရသီရီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ထိခိုက်လွယ်အုပ်စု များရှိသည့် အိမ်ထောင်စုများတွင် အခက်အခဲများ ပိုမိုကြုံတွေ့ရမည်ကို သိရှိ စာနာပါကြောင်း၊ အစိုးရအနေဖြင့် COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စီးပွားရေးထိခိုက်မှုများ၊ အလုပ်အကိုင် အခက်အခဲများနှင့် စားဝတ်နေရေး အခက်အခဲများကို လျော့နည်းသက်သာစေရန် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုအစီအစဉ်အရ ထိခိုက်လွယ်အုပ်စုများတွင် အကျုံးဝင်သည့် နေပြည်တော်အတွင်းရှိ အသက်(၈၀)နှစ်နှင့်အထက်၊ အသက်(၈၅) နှစ်အောက် ဘိုးဘွားများအတွက် ငွေကြေးအကူအညီ တစ်ကြိမ်ပေးအပ်သွားမှာ ဖြစ်ကြောင်း၊ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင်အဖြစ် အစိုးရက ပုံမှန် ထောက်ပံ့လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအတွက်လည်း အစိုးရက တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် တစ်ကြိမ်ထောက်ပံ့ပြီးဖြစ်ကြောင်း၊ ယခု COVID-19 ကာလအတွင်းမှာ ထပ်မံ ရရှိသော မသန်စွမ်းစာရင်းများအရ တစ်ကြိမ်ထောက်ပံ့မှာဖြစ်ကြောင်း၊ အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဝန်ကြီးဌာနတာဝန်ရှိသူများက ဆက်လက် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဥတ္တရသီရီမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၆၆)ဦး အတွက် တစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်းနှင့် စုစုပေါင်း ငွေကျပ် ၁,၉၈၀,၀၀၀/- (ကျပ်တစ်ဆယ့် ကိုးသိန်း ရှစ်သောင်းတိတိ)ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ရာ နေပြည်တော်ကောင်စီဝင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ခြုံကြီးကျေးရွာရှိ ဘိုးဘွားများနေအိမ်များသို့ သွားရောက်ပြီး ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ ပါသည်။
ထို့နောက်ခြုံကြီး ဘုန်းတော်ကြီးကျောင်း၌ ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ယင်းနောက် တပ်ကုန်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၂၇၄)ဦးအတွက် စုစုပေါင်းငွေကျပ် ၈,၂၂၀,၀၀၀/- (ကျပ်ရှစ်ဆယ့် နှစ်သိန်း နှစ်သောင်းတိတိ) ကို အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ပါသည်။
ထို့နောက်ပျဉ်းမနားမြို့နယ်၊ ဥယျာဉ်စုကျေးရွာရှိ ဘိုးဘွားများ နေအိမ်များတွင် ထောက်ပံ့ငွေ များ ပေးအပ်ပြီး ဥယျာဉ်စုဘုန်းတော်ကြီးကျောင်းတွင် မသန်စွမ်းသူ (၁,၁၅၄) ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၃၄,၆၂၀,၀၀၀/- (ကျပ်သုံးရာ လေးဆယ့် ခြောက်သိန်း နှစ်သောင်းတိတိ) ကို ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာရှိ ဘိုးဘွားများနေအိမ်များ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပြီး ကျေးရွာဓမ္မာရုံတွင် မသန်စွမ်းသူ (၄၃၄) ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၃,၀၂၀,၀၀၀/- (ကျပ်တစ်ရာ့ သုံးဆယ်သိန်း နှစ်သောင်းတိတိ) ကို အထွေထွေအုပ်ချုပ်ရေး တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ပါသည်။
COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ ယနေ့လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည် ထူထောင်ရေးဦးစီးဌာနတို့က အသက်(၈၀)နှစ်နှင့်အထက်၊ အသက်(၈၅)နှစ်အောက် ဘိုးဘွား (၄၀)ဦး အတွက် ထောက်ပံ့ငွေကျပ် ၁,၂၀၀,၀၀၀/- (ကျပ်တစ်ဆယ့်နှစ်သိန်းတိတိ)နှင့် နေပြည်တော် အတွင်းရှိ ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် တို့ရှိ မသန်စွမ်းသူ စုစုပေါင်း (၁,၉၂၈)ဦးအတွက် ငွေကျပ် ၅၇,၈၄၀,၀၀၀/- (ကျပ်ငါးရာ ခုနှစ်ဆယ့် ရှစ်သိန်း လေးသောင်းတိတိ)ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
နေပြည်တော်အတွင်း၌ အသက်(၈၀)နှစ်နှင့်အထက်၊ အသက်(၈၅) နှစ်အောက် ဘိုးဘွား (၆,၁၃၅)ဦး ရှိရာ ငွေကြေးအကူအညီပေးရန် ကျန်ရှိသည့် ဘိုးဘွားများနှင့် မြို့နယ်(၄) မြို့နယ်ရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။
#hl1
#npw_aug2020
 
 
Source: MOSWRR

Sign Up

Upcoming Events