မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ဩဂုတ် ၂၁၊ နေပြည်တော်
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ုပုံငွေဖြင့် မသန်စွမ်းသူများ၏ ဘဝ ပိုမိုမြင့်မားတိုးတက်လာစေရေး၊ လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ တန်းတူညီမျှ ပါဝင်ခွင့်ရရှိရေးနှင့် မသန်စွမ်းမှုအလိုက် လိုအပ်သောဝန်ဆောင်မှုများ ရရှိခံစားနိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ရန်ပုံငွေကိုတည်ထောင်ခြင်းဖြစ်ကြောင်း၊ မသန်စွမ်းများအား ထောက်ပံ့ပေးခြင်းအပြင် ရန်ပုံငွေ အား ချေးငွေအဖြစ် ထုတ်ချေးရာတွင် ချေးငွေသက်တမ်း၊ အတိုးနှုန်းတို့ကို သတ်မှတ်ရန်လိုအပ် ကြောင်း၊ ရန်ပုံငွေတည်ထောင်ခြင်းကိုလည်း အများပြည်သူသို့အသိပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်းအမျိုးအစား အလိုက် စိစစ်ဆောင်ရွက်သင့်ကြောင်း၊ မသန်စွမ်းသူအားလုံးပါဝင်နိုင် စေရန်နှင့် မူဝါဒတစ်ရပ် ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယဥက္ကဋ္ဌ (၂)၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက Third Party ဖြင့် ဆောင်ရွက်ပါက တင်ဒါစည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဆောင်ရွက်ရန်လိုပါကြောင်း၊ ချေးငွေထုတ်ပေးခြင်းဖြစ်၍ ဥပဒေနှင့်အညီ စည်းကမ်း တကျ ဖြစ်စေရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် သက်ဆိုင်ရာဌာနများ၏ အကူအညီ လိုအပ် ပါကြောင်း၊ ချေးငွေထုတ်ပေးရာတွင် စံနှုန်းသတ်မှတ်ချက်များ ထားရှိရန် လိုပါကြောင်း၊ စောင့်ကြည့်စိစစ်ခြင်း၊ အာမခံပေးနိုင်မှုအခြေအနေ စသည်တို့ကို ထည့်သွင်း စဉ်းစားရန် လိုအပ် ပါကြောင်း၊ ရန်ပုံငွေအပေါ် ဆောင်ရွက်ရန်နည်းလမ်းများနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေတည်ထောင်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl2
#npw_aug2020
Source: MOSWRR

Sign Up

Upcoming Events