လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို လက်ဆင့်ကမ်းတာဝန်ယူကြရမည်ဖြစ် ရာ လူငယ်များ ကျန်းမာကြံ့ခိုင်ခြင်း၊ ဉာဏ်ပညာထက်မြတ်ခြင်း၊ စာရိတ္တကောင်းမွန် ခြင်းနှင့် ဆန်းသစ်တီထွင်နိုင်ခြင်းစသည့် အရည်အချင်းများနှင့်ပြည့်စုံပြီး လူငယ်တို့၏ အခွင့်အရေး ရပိုင်ခွင့်များကို ထုတ်ဖော်တင်ပြခွင့်ရနိုင်ရေးနှင့် နိုင်ငံတော်၏ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများတွင် စနစ်တကျ ပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်မူဝါဒတစ်ရပ် ပေါ်ပေါက်ရေးသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲရလဒ်များကို အသိပေးဆွေးနွေးခြင်း၊ အခမ်း အနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် (၁၀-၈-၂၀၁၆) ရက်နေ့နံနက်က ကျင်းပရာ ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။
လူငယ်မူဝါဒပေါ်ပေါက်ရေးအတွက် လူငယ်များအနေဖြင့် ၂၀၁၂ ခုနှစ်က စတင် ၍ လူငယ်ဖိုရမ်များကို ကျင်းပခဲ့ရာ ၂၀၁၆ခုနှစ်၊ ဇွန်လက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် တတိယအကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ရာ ၎င်းလူငယ်တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့သော လူငယ်များနှင့် သက်ဆိုင်သည့် လူငယ်နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဥ်၊လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဥ်များနှင့်ပတ်သက်၍ ရရှိခဲ့ သောလူငယ်များ၏ သဘောထားအမြင်ရလဒ်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသို့ ထပ်ဆင့်အသိပေးဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ရာ လူငယ်များ သိလိုသည့် မေးခွန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ် များက ပြန်လည်ဖြေကြားခဲ့ပါသည်။ လူငယ်များဘက်မှလည်း ၎င်းတို့၏ထင်မြင်ယူဆ ချက်များကို ပြန်လည်တင်ပြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
လူငယ်မူဝါဒပေါ်ပေါက်ရေးနှင့်ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ပြည်နယ်နှင့်တိုင်းအသီးသီးတွင် ဖိုရမ်များကျင်းပပြီး လူငယ်အများစု၏ သဘောထားအမြင်များ ပါဝင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမ၌ သြဂုတ်လ ၁၀ရက်နေ့၊ မွန်းလွဲ(၂:၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Mr. Toni (စတီး(လ်)ကြိုးတံတားအဖွဲ့)မှ အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ အာဆီယံရှိ ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများတွင် စုစုပေါင်းတံတားအစင်း(၃၄၀) စင်း တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံ တွင် နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးချိန်၂၀၀၈ခုနှစ်မှစ၍ စတီးကြိုးတံတား(၁၀၅)စင်း တည်ဆောက်ခဲ့ရာ မြန်မာနိုင်ငံတွင် အာဆီယံနိုင်ငံများတွင် အများဆုံးတည်ဆောက် ပြီးစီးခဲ့ပါကြောင်း၊ ကမ္ဘာအနှံ့နိုင်ငံပေါင်း (၁၃)နိုင်ငံတွင် စုစုပေါင်း(၇၃၆) စင်း တည်ဆောက်နိုင်ခဲ့ပြီး လူပေါင်း ၂သန်းကျော်ကို အကျိုးပြုနိုင်ခဲ့ပါကြောင်း၊ တံတားများမှာ (၅)ပေအကျယ်ရှိပြီး လူ၊ ဆိုင်ကယ်၊ သုံးဘီးယာဥ်အထိ ကူးသန်းသွားလာနိုင်သော တံတားများဖြစ်ကြောင်း၊ အဆိုပါ တံတားများသည် ဒေသခံပြည်သူလူထုမှ တောင်းဆိုလာ သောနေရာများတွင် တည်ဆောက်နိုင်မှု ဖြစ်နိုင်ချေရှိ/မရှိ လေ့လာဆောင်ရွက်မှု ပြုလုပ်ပြီးမှ ဆောင်ရွက်ခဲ့ခြင်း၊ ၎င်းတို့၏ပူးပေါင်းပါဝင်မှု၊ လုပ်အား၊ အချိန်တို့ဖြင့် ဆောင်ရွက် ခဲ့ခြင်းတို့ကြောင့် အောင်မြင်မှုများ ရရှိခဲ့ပါကြောင်း၊ ဆက်လက်၍လည်း မြန်မာပြည်ရှိ ပြည်သူ/ ပြည်သားတို့ နှင့်ပူးပေါင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် သဘာဝ ဘေးဒဏ်သင့် ဒေသများတွင် ပြည်သူများမှတောင်းဆိုလာပါက လေ့လာဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း စသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ အလားတူ မွန်းလွဲ(၃:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် Dragon Power International Trading Co., Ltd မှ အဖွဲ့ဝင်များ လာရောက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေးအန္တရာယ်အရေး ပေါ်အချိန်ကာလများတွင် အသုံး ပြုနိုင်မည့်အရေးပေါ်ဆေးရုံစနစ်များ၊ မော်တော်ယာဥ်များ၊ အရေးပေါ် အစားအစာများ နှင့် ပတ်သက်၍ ပစ္စည်းများမိတ်ဆက်ခြင်း၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု၊ အရေး ပေါ်တုန့်ပြန်မှုနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံမှ နည်းပညာများအားမျှဝေ ပူးပေါင်းရန် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။