– ၂၀၁၆ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် တိုင်း ဒေသကြီး/ပြည်နယ်အချို့တွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီပြောင်းရွှေ့ နေရာချထားပေးမှုများရှိခဲ့ရာ (၁၀-၈-၂၀၁၆)နေ့အထိ အိမ်ထောင်စု(၉)သောင်းကျော်မှ လူဦးရေ (၄)သိန်း(၁) သောင်းခန့်ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။ လူ(၆)ဦးသေဆုံးခဲ့ပါသည်။ ယခုအခါ အချို့နေရာများတွင် ရေများပြန်လည် ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများ သို့ပြန်လည်ရွှေ့ပြောင်းလျက်ရှိကြပါသည်။ အဆိုပါ ရေဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူများ အတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာနမှ ကူညီထောက်ပံ့မှု များ ဆောင်ရွက်လျက်ရှိရာ (၁၀-၈-၂၀၁၆) နေ့တွင်-
– မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် ဘေးသင့်ဒေသ အောင်လံမြို့သို့သွားရောက်သည့် ဒုတိယသမ္မတခရီးစဉ်တွင်လိုက်ပါ၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် ဘေးသင့်ဒေသ ပြည်၊ ရွှေတောင်၊ ပန်းတောင်းမြို့များသို့သွားရောက်သည့် ဒုတိယသမ္မတ ခရီးစဉ်တွင်လိုက်ပါ၍လည်းကောင်း၊ သရက်ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ သရက်မြို့နယ်တို့မှ ဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ၊ ရေသန့်၊ ခေါက်ဆွဲတို့ကိုလည်းကောင်း ထောက်ပံ့ပေးခဲ့ပါသည်။
– လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့်ရေဘေးသင့် ပြည်သူများအတွက်ထောက်ပံ့ခဲ့မှုမှာ (၁၅-၇-၂၀၁၆)မှ (၁၀-၈-၂၀၁၆)ရက်နေ့အထိ စုစုပေါင်း တန်ဖိုး ကျပ်သိန်းပေါင်း(၄၄၀၀)ခန့်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသ ကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ လူမှုရေး အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကျန်ရှိသောမြို့နယ်များသို့လည်း ထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။