ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ငလျင်ဆိုင်ရာသုတေသနပြုလုပ်နိုင်ရေး မြန်မာနိုင်ငံငလျင်ကော်မတီနှင့် တွေ့ဆုံဆွေးနွေးမှုသတင်း


၁၈ ဩဂုတ်၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လူနေထူထပ်သည့် မြို့ပြဒေသများတွင် ငလျင်အန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ခြင်းများပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ပညာ ရှင်များပူးပေါင်း၍ ဆောင်ရွက်မည့် ငလျင်ဘေးအန္တရာယ် ကျရောက်နိုင်ခြေဆန်းစစ်မှုများ ပြုလုပ်မည့် သုတေသနလုပ်ငန်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ပညာရှင်များနှင့် ယနေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက်တည်ရှိသည့် မြို့ကြီးများအနက် လူဦးရေထူထပ် သည့် ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးများနှင့် အနီးတဝိုက်တွင် အင်အားပြင်း ငလျင်များလှုပ်ခတ်ခဲ့ပါ က အန္တရာယ်ကြီးမားစွာကျရောက်နိုင်သည့်အတွက် ငလျင်အန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ထိရောက်သော မူဝါဒများနှင့် စီမံချက်များ ချမှတ် နိုင်ရေး၊ မြေငလျင်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံများ ဖြည့်စွက်ရေးဆွဲနိုင်ရေး၊ ဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်ရာတွင် ပြည့်စုံသည့် သတင်းအချက်အလက်များရရှိနိုင်ရေး၊ ငလျင် ဆိုင်ရာသတင်းအချက်အလက်များကို ပထဝီဝင်သတင်းအချက်အလက်စနစ် (GIS) အပါအဝင် မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေဆိုင်ရာ သတင်းအချက်အလက် စနစ် (မုဒြာ)ဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ငလျင် ဘေးအန္တရာယ်ကျရောက်နိုင်ခြေ ဆန်းစစ်မှုများပြုလုပ်မည့် သုတေသနတစ်ရပ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အောက်ရှိ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ အဆောက်အဦ ဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအောက်ရှိ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြန်မာနိုင်ငံငလျင်ကော်မတီတို့နှင့်အတူ ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်မှဦးဆောင်သည့် ဂျပန်ပညာရှင်များ ပါဝင်သည့်အဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါသုတေသနလုပ်ငန်းသည် မြန်မာနိုင်ငံက ရေးဆွဲပြုစုထားသည့် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးလုပ်ငန်းစီမံချက် (၂၀၁၇) (MAPDRR) တွင်ပါဝင်သည့် ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး သုတေသနကို (၂၀၂၁) ခုနှစ်မှ (၂၀၂၆) ခုနှစ်အထိ (၅) နှစ်တာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: MSWRR

#hl1
#npw_aug2020

Sign Up

Upcoming Events