ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကချင်ပြည်နယ်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ပြည်ထောင်စု သဘောတူစာချုပ်ပါ လူမှုရေးကဏ္ဍအခြေခံမူသဘောတူ ညီချက်များအကောင်အထည်ဖော်မှုနှင့် COVID 19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) ဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆောင်ရွက်မှုသတင်း

ဩဂုတ်လ ၁၃ ရက်၊ မြစ်ကြီးနား

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ပြည်ထောင်စုသဘောတူ စာချုပ်ပါ လူမှုရေးကဏ္ဍအခြေခံမူသဘောတူညီချက်များ အကောင်အထည်ဖော်မှုနှင့် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခဲ့ပါသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာ သို့သွားရောက်ပြီး မိမိတို့ဒေသတွင် ပြန်လည်နေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာခဲ့ရသည့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားခြင်း၊ လိုအပ်ချက်များ အားမေးမြန်းခြင်း၊  အခြေခံပညာ အလယ်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲသို့ရောက်ရှိပြီး ဌာနဆိုင်ရာများနှင့် လိုအပ်ချက်များကို ဆွေးနွေးခြင်းနှင့် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အရ အကောင်အထည် ဖော်မည့် စိုက်ပျိုးမြေဧက (၁၀၀) ဖော်ထုတ်မည့်မြေနေရာများအား ကြည့်ရှုခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံပြီး ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့အစိုးရအနေဖြင့် တာဝန်စတင်ယူချိန်ကတည်းက တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံကို  (၃)ကြိမ် တိုင်ကျင်းပခဲ့ပြီး ဘုံသဘောတူညီချက် (၅၁)ချက်ရရှိခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီ စတုတ္ထအကြိမ်ကို ကျင်းပမှာ ဖြစ်ပါကြောင်း၊ အဆိုပါဘုံ သဘောတူညီချက်များတွင် ဒုတိယအကြိမ်တွင် လူမှုရေးကဏ္ဍ အခြေခံမူသဘောတူညီချက် (၄)ချက်နှင့် တတိယ အကြိမ်တွင် (၇)ချက် စုစုပေါင်း (၁၁) ချက်ရရှိခဲ့ကြောင်း၊ ထိုသဘောတူညီချက်များကို အစိုးရက အကောင်အထည်ဖော်လျက်ရှိ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရာတွင်  နေရပ်စွန့်ခွာရသူများကို ပံ့ပိုးကူညီမှုပေးခြင်း၊ စနစ်တကျ ပြန်လည်နေရာချထားနိုင်ရေး အတွက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ရေးဆွဲအတည်ပြုပြီး အကောင်အထည်ဖော်လျက်ရှိခြင်း၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်များကို ပံ့ပိုးကူညီမှု ပေးခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ထုတ်လုပ်၊ ဖြန့်ဖြူး၊ရောင်းချ၊ သုံးစွဲခြင်းများကို စနစ်တကျတားဆီးကာကွယ်အရေးယူမှုများ ပြုလုပ်ခြင်း၊ ကဏ္ဍအသီးသီးတွင် အမျိုးသမီး များ ပါဝင်မှုနှုန်းမြင့်မားအောင် ကြိုးပမ်း ဆောင်ရွက်ခြင်း၊ လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ပညာရေးစနစ်နှင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်များကို ရေရှည်စီမံချက်များဖြင့်အကောင် အထည်ဖော်လျက်ရှိခြင်း၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအတွက် ဥပဒေများပြဌာန်း၍ အခွင့်အရေးများဖော်ဆောင်ပေးလျက်ရှိခြင်း၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများ ဆောင်ရွက်ရာတွင် လူမှုသဟဇာတသဘောတရားကို ထည့်သွင်းဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အလွဲသုံးမှု လျှော့ချရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် စနစ်တကျစီမံချက်များဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိခြင်း၊ ကလေး သူငယ်များအတွက် ကြီးလေးသော ချိုးဖောက်မှုပပျောက်စေရေးဦးတည်သည့် စီမံချက်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လက်ရှိ COVID-19 ကာလတွင် အခက်အခဲများကြုံတွေ့နေရသော ပြည်သူများအတွက် အစိုးရက COVID 19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး နေရပ်စွန့်ခွာရသူများအနေဖြင့် မိမိနေရပ်တွင် ပြန်လည်နေထိုင်ကြပြီး မိမိဒေသဖွံ့ဖြိုးရေးကို မိမိကိုယ်တိုင်ပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ အစိုးရကလည်း အတတ်နိုင်ဆုံးပံ့ပိုးကူညီမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်ထောင်စုကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် အထောက်အပံ့ပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပံ့ပိုးကူညီဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကျေးရွာသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နန်ဆန်ယန်ကျေးရွာရှိ အိမ်ထောင်စု (၉၈) စုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထား​ရေးဝန်ကြီးဌာနက COVID 19 စီးပွားရေးကုစားမှု အစီအစဉ် အရ တစ်အိမ်ထောင်လျှင် ငွေကျပ် (၄၀,၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃.၉၂) သန်း၊ က​လေးပျော်နေရာဆောက်လုပ်နိုင်ရေးအတွက် ငွေကျပ် (၁၅) သိန်းနှင့် ပြည်နယ် အစိုးရအဖွဲ့က အိမ်ထောင်စု တစ်စုလျှင် ဆန် (၄) ပြည်နှုန်းဖြင့် စုစုပေါင်းဆန်အိတ် (၁၆) အိတ်တို့ကို ထောက်ပံ့ခဲ့ကြပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေထိုင်လျက်ရှိသည့် ဒဘတ်ယန် ကျေးရွာသို့ လှည့်လည် ကြည့်ရှုပြီး ကျေးရွာသား များအား အားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့သို့ ပြန်လည်ထွက်ခွာခဲ့ပြီး မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ မလိခခန်းမတွင် ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှလှူဒါန်းသည့် ယွမ် (၄)သန်းအား ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ထို့အပြင် IDPs စခန်းများအတွက် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် CERP အရ ထောက်ပံ့ငွေ တစ်အိမ်ထောင် (၄၀,၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၈၈၄၀) စုအတွက် စုစုပေါင်းငွေကျပ် (၃၅၃.၆) သန်း၊ ကချင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေကျပ် (၂၀၃.၆) သန်း၊ IDPစခန်းများရှိ ဘိုးဘွားများ ထောက်ပံ့ငွေကျပ်သိန်း (၂၅၀)၊ ၂၀၂၀ပြည့်နှစ် စတုတ္ထ (၃) လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၁၅၁.၁) သန်းနှင့် ပြန်လည်နေရာချထားသည့် ကျေးရွာ (၂) ရွာအတွက် ကလေးပျော်နေရာ (၂)ခု တည်ဆောက်နိုင်ရေးအတွက် ငွေကျပ်သိန်း (၃၀) တို့အား​ပြည်နယ် အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1_otr

#kcn_aug2020

Source:  MOSWRR

 

 

Sign Up

Upcoming Events