ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပပြုလုပ်သော အရေးပေါ်အခြေအနေကွပ်ကဲမှုဗဟိုဌာန အဆောက်အဦဒီဇိုင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် တက်ရောက် အဖွင့်အမှာစကားပြောကြားခြင်း

အရေးပေါ်အခြေအနေကွပ်ကဲမှုဗဟိုဌာန အဆောက်အဦဒီဇိုင်းနှင့် စီမံခန့်ခွဲမှုပုံစံဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီတွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် ဒုတိယသမ္မတ ဦးဆောင်တဲ့ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီ (၁၁) ခုတို့ကို ဖွဲ့စည်းထားရှိပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနမှာ အရေးပေါ်အခြေအနေ စီမံကွပ်ကဲမှုဗဟိုဌာန (Emergency Operation Centre) ကို (၂၀၁၁) ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်တုံ့ပြန် ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ရာမှာ ဝန်ကြီးဌာနများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့ အစည်းများ၊ ပြည်ပနိုင်ငံများက လက်တွဲပူးပေါင်းပြီး ဆောင်ရွက်သွားနိုင်အောင် နေရာတစ်ခုဖြစ်လာမယ့် အရေးပေါ်အခြေအနေကွပ်ကဲမှုဗဟိုဌာန အဆောက်အဦ ဆောက်လုပ်နိုင်ရေးနဲ့ စီမံခန့်ခွဲမှုလုပ်ငန်းများကို ကျယ်ပြန့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက်ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း စသည်ဖြင့် အကျယ်တဝင့်ပြောကြားပါသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ Deputy Chief of Mission ဖြစ်သူ Ms.Virginia Murray၊ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ Senior Representative ဖြစ်သူ Ms. Kyosuke INADA နှင့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) မှ Head of Coordination Support Section ဖြစ်သူ Ms.Carrie Howard တို့မှ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားပါသည်။
(၅) ရက်ကြာပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတကာနဲ့ ဒေသတွင်း အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် စုစုပေါင်း (၆၀) ဦး တက်ရောက်ကြပြီး “လူ့အသက်ဆုံးရှုံးမှုများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ရရှိပြီးသောဖွံ့ဖြိုးမှု အရှိန်အဟုန်များကို အကာအကွယ်ပေးနိုင်ပြီး ပိုမိုဘေးကင်းလုံခြုံ၍ သဘာဝဘေးအန္တရာယ်များမှ ခံနိုင်ရည်ရှိသည့် မြန်မာနိုင်ငံဖြစ်လာစေရန်” အတွက် အရေးပေါ်အခြေအနေ ကွပ်ကဲမှုဗဟိုဌာန အဆောက်အဦဒီဇိုင်းနှင့် စီမံခန့်ခွဲမှုပုံစံများကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events