ဩဂုတ် ၁၀ ၊ အမ်းမြို့
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများကို အားပေးထောက်ပံ့ခြင်းနှင့် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် အကျိုးခံစားခွင့်များရှင်းလင်းခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်း၌ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် သွားရောက် ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြ ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမ်းမြို့နယ်အတွင်း ယာယီတိုက်ပွဲရှောင်စခန်းများအဖြစ် ဖွင့်ထားသည့် မိုးလုံလေလုံ အားကစားခန်းမ (စခန်း-၁) နှင့် ပဲပဒုံစုရပ် (စခန်း-၂) တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ကြပြီး ရခိုင်နှင့် ချင်းတိုင်းရင်းသား တိုက်ပွဲရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားကာ အမ်းမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်စခန်း (၄)ခုနှင့် နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြသည့် စုစုပေါင်းလူဦးရေ (၄,၁၂၃)ဦး အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၁၁၁,၃၂၁,၀၀ဝိ/- (ကျပ်တစ်ထောင်တစ်ရာတစ်ဆယ့်သုံးသိန်း နှစ်သောင်း တစ်ထောင်တိတိ) ကို တိုက်ပွဲရှောင်ပြည်သူများထံ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ တိုက်ပွဲရှောင်စခန်းများရှိ ထိခိုက်လွယ်အုပ်စုများတွင်ပါဝင်သော သက်ကြီး ရွယ်အို(၆၈) ဦး၊ အသက် (၅) နှစ်အောက်ကလေးသူငယ် (၃၁၂) ဦး၊ မသန်စွမ်းသူ (၂၇) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၂၃)ဦးတို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန တို့က တစ်ဦးလျှင် ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၂,၉၀၀,၀၀ဝိ/- (ကျပ်တစ်ရာနှစ်ဆယ့်ကိုးသိန်းတိတိ) ကို ပေးအပ်ခဲ့ပါသည်။
ထို့အပြင် ယာယီစခန်း (၁)နှင့် စခန်း(၂)တို့တွင် လိုအပ်သော သန့်စင်ခန်း (၁၆)လုံး တည်ဆောက်နိုင်ရေးအတွက် ကုန်ကျ မည့် ငွေကျပ်(၂၄) သိန်းကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုက်ပွဲရှောင်ပြည်သူများအတွက် ယာယီနေရာချထားပေးနိုင်ရန် စီစဉ်ထား သည့် ရှုခင်းသာလျာထားမြေနေရာနှင့် ပြန်လည်နေရာချထား ပေးမည့် ကျားမောင်းကျေးရွာအနီး လျာထားမြေနေရာတို့ကို သွားရောက်ကြည့်ရှုကြပြီး ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးသည် တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံစဉ် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ဘေးဒုက္ခခံစားရသော တိုက်ပွဲရှောင်ပြည်သူများအတွက် အမြဲအားပေး ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုက်ပွဲရှောင် ပြည်သူများအတွက် စတင်နေရပ်စွန့်ခွာ ရချိန်မှစ၍ ဆန်ရိက္ခာဖိုးငွေများကို ထောက်ပံ့ခဲ့ရာ ယခုလကုန်အထိ ပေးအပ်ထားပြီး ဖြစ်ကြောင်း၊ ယနေ့တွင် ထပ်မံ၍ ဆန်ရိက္ခာဖိုးငွေများ ဆက်လက်ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ယခုကာလသည် COVID-19 ကမ္ဘာ့ကပ်ရောဂါဘေးပါ ရင်ဆိုင်နေရ၍ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန် လက်ဆေးဆပ်ပြာများ၊ လက်သန့်ဆေးရည်များ၊ Mask များကိုလည်း ထောက်ပံ့ပေးပါကြောင်း၊ ယခုတိုက်ပွဲရှောင်ပြည်သူများအနေဖြင့် လက်ရှိဘေး ဒုက္ခအပြင် ကမ္ဘာ့ကပ်ရောဂါကြောင့် အခက်အခဲများ ပိုမိုကြုံတွေ့ရသည်ကို အစိုးရအနေဖြင့် စာနာနားလည်ပါကြောင်း၊ ထို့ကြောင့် ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများခံစားရသော ဘေးဒုက္ခများကို လျော့နည်းသက်သာ စေရန် အထူးအစီအစဉ် အဖြစ် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) ကိုချမှတ်၍ အားလုံးတစ်ပေါင်းတည်း ကျော်လွှားခြင်း လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်သည် ဝန်ကြီးဌာနကဆောင်ရွက်သည့် လူမှုကာကွယ်စောင့်ရှောက် ရေး ထောက်ပံ့ပေးမှုများတွင် ဦးစားပေးအဖြစ် ပါဝင်ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းကို ၂၀၁၇ ခုနှစ်မှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း အစီအစဉ်တွင်လည်း ပါဝင်ပါကြောင်း၊ ယခု COVID-19 ကာလတွင် တိုက်ပွဲရှောင်ပြည်သူများထဲမှ ထိခိုက်လွယ်အုပ်စုများမှာ ပါဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၅)နှစ်အောက် ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများကိုလည်း တစ်ကြိမ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ယာယီစခန်းများတွင် သောက်သုံးရေ ရရှိရေးအတွက်လည်း ရေလှောင်ကန်များကို ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သောကြောင့် ပြည်ထောင်စုစိတ်ဓာတ်ရှိကြပြီး နိုင်ငံ၏ တစ်နေရာမှာ ဒုက္ခရောက်ပါက အားလုံးက ဝိုင်းဝန်ကူညီကြပါကြောင်း၊ ဒီစိတ်ရင်းခံဖြင့် မိမိတို့ရောက်ရှိလာကြတာ ဖြစ်ပါ ကြောင်း၊ ထို့အပြင် ကိုယ်ချင်းစာစိတ်ရှိရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘေးဒုက္ခခံစားရသော ပြည်သူများအား အမြဲကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ ကိုယ်ချင်းစာစိတ်၊ မေတ္တာစိတ်များဖြင့် ပြည်သူများ ဘေး ဒုက္ခများ လျော့နည်းသက်သာစေရေး အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားလုံး ငြိမ်းချမ်းသာယာသော ဘဝများ အမြန်ဆုံးရရှိပါစေကြောင်း ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1_otr
#rke_aug2020
Source: MOSWRR
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများကို အားပေး ထောက်ပံ့ခြင်းနှင့် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် အကျိုးခံစားခွင့်များ ရှင်းလင်းမှုသတင်းဗီဒီယိုဖိုင်အား အောက်ပါ လင့်ဖြင့်ကြည့်ရှုနိုင်ပါ သည်။
https://business.facebook.com/ddmmswrr/videos/999455567171581/?t=177