ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီး၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် ပြည်သူ့အတွက် COVID – 19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်ရှင်းလင်းမှုသတင်း

ဩဂုတ်၉၊မကွေး
မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေကြီးခြင်းများကြောင့် ကရင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရေးကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးခြင်း၊ စားနပ်ရိက္ခာများ၊ ဆန်ရိက္ခာဖိုး ငွေများ၊ ပျက်စီး/ပြောင်းရွှေ့ရသော နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ခြင်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့သို့ဆောင်ရွက်ရာလျက်ရှိရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် မင်းဘူးမြို့နယ် တို့ရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးခြင်းနှင့် ကူညီထောက်ပံ့ခြင်းလုပ်ငန်းများကို ယနေ့ မွန်းလွဲပိုင်းက သွားရောက်ဆောင်ရွက်ပေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့နယ်မြေနုကျွန်းကျေးရွာသို့ စက်လှေများဖြင့် သွားရောက်ကြပြီး ရွာဦးဘုန်းကြီးကျောင်း၌ ဆရာတော်အားဖူးမြော်ကြည်ညို၍ အလှူငွေများ လှူဒါန်း ခဲ့ကြပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြား ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ရေနစ်မြုပ်မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေကြီးနစ်မြုပ်မှုများကြောင့်ပျက်စီး/ ရွှေ့ပြောင်း ရသောနေအိမ် (၂၄၈) လုံးအတွက် တစ်အိမ်လျှင်ငွေကျပ် (၁) သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၄၈) သိန်း၊လူဦးရေ (၉၆၃) ဦးအတွက် ဆန်ရိက္ခာဖိုးစုစုပေါင်းငွေကျပ် (၂,၀၂၂,၃၀၀) ကိုဘေးသင့်ပြည်သူများ ထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနက ဘေးသင့်ပြည်သူများထဲမှ ထိခိုက်လွယ်အုပ်စုများတွင်ပါဝင်သော သက်ကြီးရွယ်အိုများ၊ အသက် (၅) နှစ်အောက် ကလေးငယ်များ၊ မသန်စွမ်းသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များ လူဦးရေစုစုပေါင်း (၂၀၁) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၃) သောင်းနှုန်းဖြင့်စုစုပေါင်းငွေကျပ် (၆,၀၃၀,၀၀၀) ကိုထောက်ပံ့ပေးအပ်ခဲ့ကြရာ ကျေးရွာရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့နယ်သို့သွားရောက်ပြီး ဘက်စုံသုံး ဘေးဒဏ်ခံ အဆောက်အဦ၌ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ၍အားပေးစကားပြောကြားပြီး ရေဘေးသင့်ပြည်သူ (၁၈၄၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃,၈၈၂,၉၀၀) ၊ခေါက်ဆွဲခြောက်ထုပ်များ၊ COVID 19 ကာကွယ်ရေးအတွက်လက်ဆေးဆပ်ပြာများနှင့် Mask များကိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်ပြည်သူများအား တွေ့ဆုံစဉ်မိမိတို့အနေဖြင့် ယခုလို လာရောက်ရခြင်းသည် ဘေးသင့်ပြည်သူများအား အားပေးကူညီထောက်ပံ့မှုများ ဆောင်ရွက်ရန်ဖြစ်ပါ ကြောင်း၊ သဘာဝဘေးများတွင် ရေဘေး၊လေပြင်းဘေး၊ ကမ်းပြိုဘေး၊မြေပြိုဘေး စသောဘေး အမျိုးမျိုး ကိုရင်ဆိုင်တုံ့ပြန်ခြင်း၊ ဘေးဒုက္ခခံစားရသောပြည်သူများအား ထောက်ပံ့ကူညီခြင်းနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် မိမိတို့ဝန်ကြီးဌာန၏ တာဝန်ဖြစ်ပါကြောင်း၊ ယခု ကာလတွင် သဘာဝဘေးများအပြင် COVID 19 ကမ္ဘာ့ကပ်ရောဂါဘေးပါရင်ဆိုင်နေရ၍ အထူးဂရုစိုက် စေလိုကြောင်း၊ ကပ်ရောဂါဘေးနှင့်ပတ်သက်၍ အစိုးရကကာကွယ်၊ ထိန်းချုပ်၊တုံ့ပြန်၊ ကုသရေးလုပ်ငန်း များကို စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်ကပ်ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ရန်လက်ဆေးခြင်း၊ Mask တပ်ခြင်းနှင့်အတတ်နိုင်ဆုံး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် လိုအပ်ပါကြောင်း၊ကမ္ဘာ့ကပ်ရောဂါကြောင့်ပြည်သူများအခက်အခဲကြုံတွေ့ရချိန်တွင်အစိုးရအနေဖြင့် COVID 19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) ကိုချမှတ်၍ အားလုံး တစ်ပေါင်းတည်း ကျော်လွှားခြင်းလုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနကလည်း ပါဝင်ဆောင်ရွက်ပါကြောင်း၊ အဆိုပါအစီအစဉ်တွင် ပြည်သူများတိုက်ရိုက်အကျိုးရှိစေမည့် လူမှုကာကွယ်စောင့်ရှောက်ရေး ထောက် ပံ့ခြင်း၊ ထိခိုက်အုပ်စုများနှင့် ဘေးဒဏ်ခံစားရသောသူများအား ထောက်ပံ့ခြင်းအထူးအစီအစဉ်များ ပါဝင်ကြောင်း၊ ပုံမှန်ပေးအပ်နေသောလူမှုရေးပင်စင်တွင် အကျုံးမဝင်သေးသော အသက် (၈၀) မှ အသက် (၈၄) နှစ်အထိဘိုးဘွားများအား တစ်ဦးလျှင်ငွေကျပ် (၃) သောင်းနှုန်းဖြင့် တစ်ကြိမ်၊ MCCT အစီအစဉ်တွင် အကျုံးမဝင်သေးသောဒေသများရှိ ကိုယ်ဝန်ဆောင်များအား တစ်ဦးလျှင်ငွေကျပ် (၃) သောင်းနှုန်းဖြင့် တစ်ကြိမ်နှင့် ထိခိုက်လွယ်အုပ်စုများအတွက် တစ်ကြိမ်ထောက်ပံ့ခြင်းစသည့် ဖြင့်လာမည့် စက်တင်ဘာလအတွင်း အပြီးပေးအပ်ထောက်ပံ့မည်ဖြစ်ပါကြောင်း၊ အစိုးရ၏ဆောင်ရွက် မှုများသည် အားလုံးသာတူညီမျှခံစားရရှိရေးကို ဦးတည်ပြီးမူဝါဒ၊ မဟာဗျူဟာ၊ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ပါကြောင်း၊ လမ်း၊တံတား၊ လျှပ်စစ်မီးစသည်ဖြင့် တည်ဆောက်ရေး ကဏ္ဍပြောင်းလဲတိုးတက်မှုကို ထင်ရှားစွာတွေ့မြင်နေရကြောင်း၊ ထို့အပြင်ရေရှည်ဆောင်ရွက်သည့် ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များကိုလည်း အခြေခံ အုတ်မြစ်များ ချထားဆောင်ရွက်လျက်ရှိရာ အချိန်ကာလအပိုင်း အခြားဖြင့်ပြည်သူများ ခံစား သိမြင်လာကြရတော့မည်ဖြစ်ကြောင်း၊ အစိုးရ၏ရေတိုဆောင်ရွက်ချက်များကို ပြည်သူများ ခံစား ရရှိနေပြီဖြစ်ပြီး ရေရှည်မျှော်မှန်းပြီး ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ထိရောက်မြန်ဆန်စွာ အကောင်အထည်ပေါ်လာရန် ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1
mgy_aug2020

Source: MOSWRR

Sign Up

Upcoming Events