ဩဂုတ် ၅၊ နေပြည်တော်
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းမည့် ယွမ်သန်း(၂၀၀) အနက် ကနဦးလှူဒါန်းမှုအဖြစ် ယွမ် (၄)သန်း လက်ခံခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. Chen Hai ဦးဆောင်သည့် သံရုံးမှ သံအရာရှိများ တက်ရောက်ခဲ့ကြ ပါသည်။
ထိုအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းများဆောင်ရွက်ရန် အိမ်နီးချင်းကောင်းပီသစွာ အကူအညီပေး သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ(IDPs)များ ပြန်လည်နေရာချ ထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် ဒုတိယဝန်ကြီးကအဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန်ယူ၍ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ကချင်ပြည်နယ်သို့ ကွင်းဆင်း ဆောင်ရွက်ချက်အရ ဖြစ်နိုင်ခြေနှင့် လုံခြုံမှုရှိသည့် ကျေးရွာ(၅)ရွာ ကိုရွေးချယ်ပြီး ရှေးပြေးလုပ်ငန်းစီမံချက် (Pilot Action Plan) ရေးဆွဲခဲ့ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းမည့် ယွမ်သန်း (၂၀၀)အနက် ယနေ့လှူဒါန်းသည့် ယွမ်(၄) သန်းကို ကနဦးရွေးချယ်ထားသည့် ကျေးရွာ(၅)ရွာမှ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ၊ ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာနှင့် နန်ဆန်ယန်ကျေးရွာတို့တွင် နေအိမ်များကို အသစ် ဆောက်လုပ်ခြင်းနှင့် ပြုပြင်ခြင်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ဆောင်ရွက် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ တရုတ် – မြန်မာစီးပွားရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်အရ ခွင့်ပြုငွေ ယွမ်(၁)သန်း ကျခံသုံးစွဲမည့် ဖြစ်နိုင်ခြေဆန်းစစ် လေ့လာခြင်းကိုလည်း တာဝန်ပေးအပ်ထားသည့် Power China Kunming Engineering Cooperation အဖွဲ့မှ ပညာရှင်များက ကွင်းဆင်း ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး မတိုင်ခင် ကနဦး ဆောင်ရွက်ချက်များအဖြစ် စတင်ဆောင်ရွက်နိုင်ပြီဖြစ်သည့်အတွက် ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပါ သည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ခင်မင်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံဖြစ် သည့် မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မှုအတွက် ထောက်ခံအားပေးခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အစောပိုင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ဖျင် ခရီးစဉ်တွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ နေရပ် စွန့်ခွာရသူများအတွက် ပြန်လည်နေရာချထားရေးအတွက် သဘောတူစာချွှန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ကချင် ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာရသူများအတွက် ယွမ်သန်း(၂၀၀) ကူညီရန် သဘောတူခဲ့ပါ ကြောင်း၊ ယခုလို ဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို တိုးတက်မှုရရှိဖို့ ထောက်ခံပေးခြင်းဖြစ်ပါကြောင်း၊ ယခုစီမံကိန်းသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ နေရပ်စွန့်ခွာရသူများအတွက် စားဝတ်နေရေး အဆင့်အတန်းကို မြှင့်တင်စေ နိုင်မည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းများကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသနှင့် ရခိုင်ပြည်နယ်တို့၏ တည်ငြိမ်အေးချမ်းမှု ကိစ္စရပ်များကိုလည်း ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDPs) များ ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးအတွက် တရုတ်နိုင်ငံက ကနဦးအဖြစ် ယွမ် (၄) သန်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့ ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1_otr
#npw_aug2020
Source: MOSWRR