သြဂုတ်လ ၄ ရက်
နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးမှုများကြောင့် အနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် ရေဘေး သင့်ပြည်သူများကို ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် တာဝန်ရှိသူများလိုက်ပါလျက် ဟင်္သာတမြို့နယ်အတွင်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ ကြိုတင်ပြောင်းရွှေ့ကြရသည့် ပြည်သူများအား ဖောင်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းစုရပ်သို့ သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခြင်း၊ ကမ်းပါးပြိုသည့်နေရာသို့သွားရောက်ပြီး နေအိမ် ပြောင်းရွှေ့နေကြသူများကို အားပေးစကားပြောကြားခြင်းနှင့် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားနေသည့်နေရာသို့ သွားရောက်ကြည့်ရှုလေ့လာခြင်း၊ ပြန်လည်နေရာချထားရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ထို့နောက် ကမ်းပြိုဘေးကျရောက်နိုင်မှုကြောင့် အိမ်ပျက်ကျေးရွာအုပ်စုအတွင်းရှိ နေအိမ်များ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ကြရသည့် အိမ်ထောင်စု (၄၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေကျပ် (၄၁) သိန်း၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၃၁၀၈၀၀)၊ ခေါက်ဆွဲခြောက်များနှင့် COVID 19 ကြိုတင်ကာကွယ်ရေးတွင် အသုံးပြုနိုင်ရန်အတွက် ဆပ်ပြာနှင့် Mask များထောက်ပံ့ပေးခဲ့ပါသည်။ အဆိုပါထောက်ပံ့ပေးခဲ့မှုများအပြင် ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ ဦးမိုးလေးဖြတ်တာ ကျိုးပေါက်မှုကြောင့် ထပ်မံပြောင်းရွှေ့ရသည့် အိမ်ထောင်စုများအတွက်လည်း ထောက်ပံ့ကူညီမှုများကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဟင်္သာတမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းကျောင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး သင်ရိုးညွှန်းတမ်းများ ပြန်လည်လေ့လာသုံးသပ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သင်တန်းကျောင်းရှိနည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများကို တစ်ဦးချင်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးဆောင်ရွက်ရန်ကိစ္စများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲဆောင်ရွက်မှုများနှင့်ပတ်သက်၍ သုတေသနဆောင်ရွက်မည့်အခြေအနေများ၊ အလုပ်ရုံဆွေးနွေး ပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ သင်တန်းများကို COVID 19 ကာလနှင့်လျော်ညီစွာ Video Conferencing စနစ်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေးတို့ကို မေးမြန်းဆွေးနွေးခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့၊ ဖြူးမြို့နယ် ဇေယျ၀တီမြို့နှင့် အုတ်တွင်းမြို့နယ်များသို့ သွားရောက်ပြီး နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးမှုများကြောင့် အနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရသော ပြည်သူများအား အားပေးစကားပြောကြားကာ ရေဘေးသင့် အိမ်ထောင်စု (၉၅၂) စု၊ လူဦးရေ (၄၇၂၀) ဦးအတွက် ဆန်ရိက္ခာဖိုး တစ်ပတ်စာ ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် (၉၉၁၂၀၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်းငွေကျပ် (၃၁)သိန်း၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာနှင့် Mask များကို ထောက်ပံ့ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
#hl1
#ayy_aug2020
#bgo_aug2020
Source: MOSWRR