ဩဂုတ်၃၊ပြည်မြို့
မိုးသည်းထန်စွာရွာသွန်းပြီး ဧရာ၀တီမြစ်ရေတက်မှုများကြောင့် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်အချို့၏ အနိမ့်ပိုင်းတွင်ရှိသော ရပ်ကွက်၊ ကျေးရွာများတွင် ရေဘေးဒဏ်ခံစားရသော ပြည်သူများအား သွားရောက်အားပေးခြင်း၊ စားနပ်ရိက္ခာနှင့် ဆန်ရိက္ခာဖိုး ငွေများ၊ COVID 19 ဆိုင်ရာပညာပေးခြင်းနှင့် အကာအကွယ်ပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန တာဝန်ရှိသူများက သွားရောက်၍ အားပေးထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ်တို့ရှိ ရပ်ကွက်များတွင် ရေဘေးဒဏ် ခံစားရသောပြည်သူများအား အားပေးထောက်ပံ့ခြင်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက ပြည်မြို့ရှိ ကိုးန၀င်းဖေါင်တော်ဦးဘုရားကြီးတွင် ရေဘေး သင့်သော န၀င်းရပ်ကွက်၊ ဇလုံကျေးရွာအုပ်စုရှိပြည်သူများအား တွေ့ဆုံ၍လူဦးရေ(၂၃၇) ဦးအတွက် ဆန်ရိက္ခာဖိုးစုစုပေါင်းငွေကျပ် (၄၉၇,၇၀၀)၊ ခေါက်ဆွဲခြောက်ထုပ်များ၊ COVID 19 ကာကွယ်ရေး ပစ္စည်းဖြစ်သော Mask များ၊ လက်ဆေးဆပ်ပြာများကို ဘေးသင့်ပြည်သူများထံပေးအပ်ခဲ့ကြပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်ရှိ သမိုင်း ၀င်ရွှေပြောင်ပြောင်စေတီတော်သို့သွားရောက်ပြီး ရေဘေးသင့်သောကြာနီကန်ရပ်ကွက် ရေဘေး သင့်ပြည်သူများအားတွေ့ဆုံ၍ လူဦးရေ (၇၄) ဦးအတွက် ဆန်ရိက္ခာဖိုးစုစုပေါင်းငွေကျပ် (၁၅၅,၄၀၀) ထောက်ပံခြင်း၊ ရွှေမျက်မှန်ဘုရားသို့သွားရောက်ပြီး ရေဘေးသင့်သော ယွန်းတန်းရပ်ကွက်နှင့် သရက် တောရပ်ကွက် ရေဘေးသင့်ပြည်သူများအားတွေ့ဆုံပြီး လူဦးရေ (၆၈) ဦးအတွက်ဆန်ရိက္ခာဖိုး စုစုပေါင်းငွေကျပ် (၁၄၂,၈၀၀) နှင့် ခေါက်ဆွဲခြောက်ထုပ်များ၊ COVID 19 ကာကွယ်ရေးပစ္စည်းဖြစ်သော Maskများ၊ လက်ဆေးဆပ်ပြာများကို ဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြပါသည်။
ထို့နောက်ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပန်းတောင်းမြို့နယ်သို့ ဆက်လက် ထွက်ခွာပြီး ရေဘေးသင့်သော ထုံးဘိုကျေးရွာပြည်သူများအားတွေ့ဆုံပြီး လူဦးရေ (၁၈၄) ဦးအတွက် ဆန်ရိက္ခာဖိုးစုစုပေါင်း (၃၈၆,၄၀၀) နှင့် ခေါက်ဆွဲခြောက်ထုပ်များ၊ COVID 19 ကာကွယ်ရေးပစ္စည်း ဖြစ်သော Maskများ၊ လက်ဆေးဆပ်ပြာများကို ဘေးသင့်ပြည်သူများထံပေးအပ်ခဲ့ကြပါသည်။
ထို့အပြင် ရွှေတောင်မြို့နယ်၊ သာစည်ကျွန်းကျေးရွာရှိ ကမ်းပြိုဘေးဒဏ်ခံရသော အိမ်ထောင်စုများ ကိုဘေးလွတ်ရာသို့ ပြန်လည်နေရာချထားရေးအတွက် လိုအပ်သောပံ့ပိုးကူညီမှုများ ပေးအပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်အတွင်း သဘာ၀ဘေးအန္တရာယ် ကြိုတင်ပြင် ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးလုပ်ငန်းများတွင် အသုံး ပြုရန်ကျပ်သိန်း (၂၀) တန်ဖိုးရှိဖိုက်ဘာစက်လှေ (၁) စီးနှင့်အသက်ကယ်အင်္ကျီ (၁၀) ထည်ကို ထောက်ပံ့ခဲ့ ပါသည်။
ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံစဉ်ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ကြောင့် ဘေးဒဏ်များကို တစ်ကမ္ဘာလုံးကရင်ဆိုင်နေရပါကြောင်း၊ မိုးခေါင်ရေရှားခြင်းနှင့် အတူနေရာ ကွက်၍မိုးကြီးခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်းစသည့် သဘာဝဘေးဒဏ်များကို ခံစားနေကြရကြောင်း၊ သဘာဝဘေးဒဏ်များအတွက်ကြိုတင်ပြင်ဆင်ကာကွယ်ရေးလုပ်ငန်းများကို အစိုးရအနေဖြင့် အတတ် နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးပေါ်တုံ့ပြန်ရေးနှင့်ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် ထိရောက်စွာအသုံးပြုနိုင်ရန် စနစ်တကျစိစစ်ဆောင်ရွက်နေပါကြောင်း၊ ယခုကြုံ တွေ့ရသည့်ရေဘေးသည်အခိုက်အတန့်သာဖြစ်သော်လည်း COVID 19 ကပ်ရောဂါဖြစ်ပွားနေခြင်း ကြောင့် ပြည်သူများအခက်အခဲများရင်ဆိုင်နေရသည်ကို နားလည်ပါကြောင်း၊ ထို့ကြောင့်ပြည်သူများ၏ ဘေးဒုက္ခအခက်အခဲများကို လတ်တလောပြေလည်စေရန် လာရောက်ပံ့ပိုးကူညီခြင်းဖြစ်ကြောင်း၊COVID 19 ကပ်ရောဂါနှင့်ပတ်သက်၍ တစ်ကမာ္ဘလုံးအနေဖြင့် စိုးရိမ်ရသည့်အခြေအနေ၌ပင်ရှိသေးကြောင်း၊ မြန်မာနိုင်ငံတွင်လည်းတစ်ဦးချင်းက COVID 19 ဆိုင်ရာစည်းကမ်းချက်များကို တိတိကျကျလိုက်နာ ရန်လိုပါကြောင်း၊ အပြင်ထွက်တိုင်း Mask တပ်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာစနစ်တကျဆေးကြောခြင်းတို့ကို တစ်ဦးချင်းက တာ၀န်ယူဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မပေါ့ဆကြစေလိုကြောင်း၊ ပြည်သူများကပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#bgo_aug2020
Source: MOSWRR