ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ညောင်ဦးမြို့နယ်နှင့် ရေစကြိုမြို့နယ်တို့ရှိ ရေဘေးဒဏ်ခံစားရသော ပြည်သူများအား အားပေး၊ စားနပ်ရိက္ခာများ ထောက်ပံ့မှုသတင်း

ဇူလိုင်၊ ၃၁၊ ရေစကြိုမြို့

မြစ်ရေများမြင့်တက်လာမှုများကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၏ အနိမ့်ပိုင်းတွင် ရှိသော ရပ်ကွက်၊ ကျေးရွာများတွင် ရေဘေးဒဏ်ခံစားရသော ပြည်သူများအား အားပေးခြင်း၊ စားနပ်ရိက္ခာနှင့် ဆန်ရိက္ခာဖိုးငွေများ၊ COVID 19   အကာအကွယ် ပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိ သူများက ယာယီရေဘေးရှောင်စခန်းများသို့ သွားရောက်၍ အားပေး ထောက်ပံ့မှုများ ဆောင်ရွက် ပေး လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နှင့် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့တို့ရှိ ရေဘေးဒဏ်ခံစားရသော ပြည်သူများအား အားပေး ထောက်ပံ့ခြင်းများကို  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများ ပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ညောင်ဦးမြို့၊ မဟာဝိသုတာရာမကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက်ဘုန်းတော်ကြီးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း ကပ်လှူပူဇော်ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာဝိသုတာရာမကျောင်းတိုက်၊ ဆုန်ကုန်းရပ် ရှစ်မျက်နှာ ကျောင်းတိုက်နှင့် မြသိန်းတန်ဓမ္မာရုံတို့တွင် ရေဘေးသင့်ပြည်သူများအား‌ တွေ့ဆုံ၍ လူဦးရေ (၃၅၉) ဦးအတွက် ဆန်ရိက္ခာဖိုး စုစုပေါင်းငွေကျပ် (၇၅၃,၉၀၀)၊ ခေါက်ဆွဲခြောက်ထုပ်များ၊ COVID 19 ကာကွယ်ရေးအတွက် Mask များ၊ လက်ဆေးဆပ်ပြာများကို ဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့၊ ဖူလုံကျေးရွာသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူ များအားတွေ့ဆုံ၍ လူဦးရေ (၃၀၁)ဦးအတွက် ဆန်ရိက္ခာဖိုး စုစုပေါင်းငွေကျပ် (၆၃၂,၁၀၀) ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ COVID 19 ကာကွယ်ရေးအတွက် Mask များ၊ လက်ဆေးဆပ်ပြာများကို ဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြပါသည်။

ဘေးသင့်ပြည်သူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ကြောင့် မိုးခေါင်ရေရှားခြင်းနှင့်အတူ နေရာကွက်၍ မိုးကြီးခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကြောင့်  မြစ်ကြမ်းပြင်များ မြင့်တက်၍ ရေကြီးရေလျှံဖြစ်ခြင်းစသည့် သဘာဝဘေးဒဏ်များကို   ခံစားနေကြရကြောင်း၊ သဘာဝဘေးဒဏ်များအတွက် ကြိုတင်ပြင်ဆင် ကာကွယ်ရေးလုပ်ငန်းများကို အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေ တစ်ရပ်ကို ထူထောင်ထားပြီး ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အရေးပေါ် တုံ့ပြန်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ထိရောက်စွာ အသုံးပြုနိုင်ရန် စနစ်တကျ စိစစ်ဆောင်ရွက်နေပါကြောင်း၊ ယခုကြုံတွေ့ရသည့် ရေဘေးသည် အခိုက်အတန့်သာ ဖြစ်သော်လည်း COVID 19  ကပ်ရောဂါ ဖြစ်ပွားနေခြင်းကြောင့် ပြည်သူများ အခက်အခဲများ ရင်ဆိုင်နေရသည်ကို နားလည် ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ဘေးဒုက္ခ အခက်အခဲများကို လတ်တလောပြေလည်စေရန် လာရောက်ပံ့ပိုးကူညီခြင်းဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနက အကန့်အသတ်ဖြင့် ခွဲဝေရရှိသည့် ဘဏ္ဍာငွေကို ပြည်သူများတိုက်ရိုက်အကျိုးရှိစေမည့် လုပ်ငန်းစီမံချက်များဖြင့် အလေ့အလွင်မရှိအောင် ကြပ်မတ်ဆောင်ရွက်သည့်နည်းတူ  ရေရှည်အကျိုးအတွက်လည်း  မျှော်မှန်း၍ စီမံချက်များ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ ပြည်သူများက  ပူးပေါင်း ဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ ရောက်ရှိပြီး ညောင်တောကျေးရွာအုပ်စု ရေဘေးရှောင်အိမ်ထောင်စုများအား လိုက်လံတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။ ယခုနှစ်တွင် ရေဘေး ဒဏ်ခံနိုင်ရခြေရှိသည့် အချို့ဒေသများတွင် ပြည်သူများ အလျင်အမြန်ပြောင်း ရွှေ့ခိုလှုံနိုင်ရန် ယာယီတဲများကို လိုအပ်သည့်အချိန်တွင် ဆောက်လုပ်ပေးနိုင်ရန် သက်ဆိုင်ရာ ဆက်စပ်ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့်ပူးပေါင်း၍  ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#hl1_fld

#mdy_mgy_jul2020

Source:  MOSWRR

Sign Up

Upcoming Events