ဇူလိုင် ၃၀၊ နေပြည်တော်
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ(IDP) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာလုပ်ငန်း အဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး၊ စီးပွားရေးသံမှူး Mr.Tan Shufu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေးအတွက် တရုတ်နိုင်ငံ၏အကူအညီပေးမှုအတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ အကူအညီပေးအပ်ရာတွင် မိမိတို့က ပူးပေါင်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ အကူအညီပေးရေးအတွက် ဖြစ်နိုင်ခြေဆန်းစစ်လေ့လာခြင်းအဖွဲ့ (Feasibility Survey) လာရောက်ရာတွင်လည်း မြန်မာနိုင်ငံမှဘာသာရပ်ဆိုင်ရာကျွမ်းကျင်အဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊ ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံမှူး Mr.Tan Shufu က မိမိတို့သံရုံး စီးပွားရေး အဖွဲ့အနေဖြင့် COVID-19 ကာလအတွင်း ပထမဆုံးလာရောက်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ မိမိတို့တရုတ်နိုင်ငံ အနေ ဖြင့်လည်း အိမ်ရာများပြန်လည် နေရာချထားခြင်းကို အလေးထားပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ကချင်ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာ ရသူများပြန်လည်နေရာချထားရေးအတွက် အကူအညီအဖြစ် ယွမ်သန်း(၂၀၀) ပေးအပ် မည်ဖြစ်ပါကြောင်း၊ ကျေးရွာများ ပြန်လည်နေရာချထားရာတွင် လတ်တလောအသုံးပြုနိုင်ရန် ယွမ်(၄)သန်း ကြိုတင်လွှဲပြောင်းပေးရန်စီစဉ်ထားပါကြောင်း၊ COVID_19 ကပ်ရောဂါကြောင့် (Feasibility Survey) လာရောက်ရန် နောက်ကျရခြင်းဖြစ်ပါကြောင်း၊ Feasibility Survey အဖွဲ့၏ခရီးစဉ်အတွက်လည်းကောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်ပေးစေလိုပါ ကြောင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ လုပ်ငန်းအဖွဲ့အတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက လုပ်ငန်းဆောင်ရွက်မည့်စီမံချက်နှင့် ပတ်သက်၍ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl2_otr
#npw_jul2020
Source: MOSWRR