ဇူလိုင် ၃၀၊ မင်းကင်းမြို့
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်သို့ရောက်ရှိပြီး ရေဘေးသင့်ပြည်သူ များအား စားနပ်ရိက္ခာများ၊ ဆန်ရိက္ခာဖိုးငွေနှင့် COVID 19 ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ကယ်ဆယ်ရေးစက်လှေ၊ အသက်ကယ်အင်္ကျီများပံ့ပိုးခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူများပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းကင်းမြို့၊ ယွန်းဘုန်းကြီးကျောင်းသို့ ရောက်ရှိပြီး ဓမ္မကာရီကျောင်းဆောင်၌ ကျောင်းတိုက် ဘုန်းတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပါသည်။ ထို့နောက် ကျောင်းတိုက်ဝန်း အတွင်း သဘာဝဘေးကြောင့် ယာယီလာရောက်ခိုလှုံရသည့် ဘေးသင့်ပြည်သူများအသုံးပြုနိုင်ရန် လိုအပ်သည့် သန့်စင်ခန်း (၃)ခန်းတွဲ (၂) လုံး ဆောက်လုပ်ရန်အတွက် ငွေကျပ် (၄၂) သိန်းကို ဆရာတော်ထံသို့ လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ အဆိုပါကျောင်းဆောင်၌ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စု ဝန်ကြီးက မိမိတို့အနေဖြင့် ယနေ့တွင် ရေဘေးသင့်ပြည်သူများအား အားပေး ပံ့ပိုးခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့ခြင်းများ လာရောက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ် အစိုးရသစ် စတင်တာဝန်ယူစဉ် ကတည်းက ဘေးသင့်ပြည်သူများအား အလျင်အမြန်ထောက်ပံ့ခြင်း၊ ထောက်ပံ့မှုပမာဏ တိုးမြှင့်ခြင်း၊ အလေအလွင့်မရှိအောင် ကြပ်မတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်သည့် ထိခိုက်လွယ်အုပ်စုများဖြစ်သော ရှေးဦးအရွယ်ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ ကူညီခြင်းနှင့် ပြန်လည်ထူထောင်ခြင်းများကိုလည်း စီမံချက်များဖြင့် ပိုမိုတိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရ၏ ဆောင်ရွက်မှုများသည် အားလုံးသာတူညီမျှခံစားရရှိရေးကို ဦးတည်ကြောင်း၊ သို့သော် ဘဏ္ဍာငွေအကန့်အသတ်ကြောင့် အချို့ကိစ္စများတွင် လိုအပ်ချက်အပေါ်မူတည်၍ ဦးစားပေးစနစ်ဖြင့် ဆောင်ရွက်ရကြောင်း၊ ထောက်ပံ့ငွေများသည် ပြည်သူများ၏ အခွန်အခများမှ ရရှိသည့် ပြည်သူ့ဘဏ္ဍာငွေများဖြစ်၍ မိမိတို့တာဝန်ယူသုံးစွဲခွင့်ရရှိသည့် ငွေများကို ပြည်သူများအကျိုးရှိစေမည့် လုပ်ငန်းများတွင် အလေ့အလွင့်မရှိအောင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရသည့် ပြည်သူများတိုက်ရိုက်အကျိုးရှိစေမည့် လုပ်ငန်းစီမံချက်များကို တိုးချဲ့ဖော်ထုတ်ခဲ့ရာ အကောင်အထည်ဖော်ရမည့် လုပ်ငန်းပမာဏများပြားလာသည့်အလျောက် ပြည်သူ့အတွက်ဘတ်ဂျက်များပိုမိုရရှိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လတ်တလောဘေးဒုက္ခများ လျော့နည်းသက်သာအောင် ဆောင်ရွက်ပေးနေသကဲ့သို့ ရေရှည်အကျိုးမျှော်မှန်း၍လည်း ဆောင်ရွက်ရပါကြောင်းနှင့် ပြည်သူများကလည်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မင်းကင်းမြို့ရေဘေးသင့်ပြည်သူ (၁၈၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃၈၈ ,၅၀၀)၊ ခေါက်ဆွဲခြောက်ထုပ်များ၊ COVID 19 ကာကွယ်ရေးအတွက် Mask များ၊ လက်ဆေး ဆပ်ပြာများကို ဘေးသင့်ပြည်သူများထံထောက်ပံ့ပေးအပ်ပါသည်။ ဆက်လက်၍ ရေဘေးကယ်ဆယ် ရေးလုပ်ငန်းများမှာ အသုံးပြုနိုင်ရန် ငွေကျပ် (၄၂) သိန်း တန်ဖိုးရှိ စက်လှေတစ်စီးနှင့် အသက်ကယ် အင်္ကျီများကို တာဝန်ရှိသူများထံ ပေးအပ်ထောက်ပံ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာနက လစဉ်ထောက်ပံ့လျက်ရှိ သည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ကို ဘိုးဘွား (၃၄၅)ဦး အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀,၃၅၀,၀၀၀)ကို ဘိုးဘွားများထံ ပေးအပ်ခဲ့ ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းကင်းမြို့တွင် ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိသော ရွှေပြည်တန်ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး ဘိုးဘွားရိပ်သာကော်မတီဝင်များနှင့် တွေ့ဆုံ၍ လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိသော သက်ကြီးဘိုးဘွားများအား ပြုစုစောင့်ရှောက်ရေး လုပ်ငန်းစဉ်များ၊ ဘိုးဘွားရိပ်သာများ၊ ဂေဟာများနှင့် သင်တန်းကျောင်းများကို သတ်မှတ်ချက်စံနှုန်းများနှင့်အညီ ကူညီထောက်ပံ့ ပေးသည့် လုပ်ငန်းစဉ်များ၊ မကြာမီဖွင့်လှစ်မည့် မင်းကင်းမြို့ ရွှေပြည်တန်ဘိုးဘွားရိပ်သာအတွက် ပံ့ပိုးကူညီနိုင်မည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး ဘိုးဘွားရိပ်သာ ရန်ပုံငွေအတွက် လတ်တလော ထောက်ပံ့ငွေကျပ် (၅) သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1_fld
#sgg_jul2020
Source: MOSWRR