ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ အား အားပေးထောက်ပံ့ခြင်းများ ဆောင်ရွက်မှုသတင်း

ဇူလိုင် ၂၉၊ စစ်ကိုင်းမြို့

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့်  အနိမ့်ပိုင်းဒေသများရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်အိမ်ထောင်စု (၁,၄၅၁) စု၊ လူဦးရေ (၆၅၁၆) ဦးတို့အား ဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ပေးခဲ့ရပါသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခြင်း၊ စားနပ်ရိက္ခာများ၊ ဆန်ရိက္ခာဖိုးငွေများနှင့် COVID-19 ရောဂါကာကွယ်ရေးပစ္စည်း များ ထောက်ပံ့ခြင်းတို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက် ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူများပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့၊ အမှတ်(၆) အခြေခံပညာမူလ တန်းကျောင်းနှင့် ဝေဠုဝန်ငါးထပ်ကြီး မြတ်စွာဘုရား တန်းဆောင်တို့သို့ သွားရောက်ပြီး အေးမြဝတီ ရပ်ကွက်၊ ထားဝယ်ဈေးရပ်ကွက်နှင့် တဲကြီးကျေးရွာအုပ်စုတို့မှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက မြစ်ရေမြင့်တက်၍ ဘေးဒုက္ခကြုံတွေ့ရခြင်းသည် အခိုက်အတန့်  ဖြစ်သော်လည်း ယခုကဲ့သို့ COVID-19 ကပ်ရောဂါကာလတွင် ဘေးဒဏ် ခံစားရသောပြည်သူများ၏ စားဝတ်နေရေး အခက်အခဲကိုပြေလည်စေရန် အစိုးရဝန်ကြီးဌာန တာဝန်ရှိသူများအနေဖြင့် လာရောက်၍  စားနပ်ရိက္ခာ၊ ဆန်ရိက္ခာ ဖိုးငွေနှင့် COVID-19 ရောဂါ ကာကွယ်ရေးအတွက် Mask နှင့် လက်ဆေးဆပ်ပြာများကို ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေ ရေးကိုလည်း အထူးဂရုပြုဖို့လိုကြောင်း၊ လက်ကို မကြာခဏဆေးကြောရန်လိုကြောင်း၊  လက်ဆေးခြင်းဖြင့် တခြားကူးစက်ရောဂါများကိုပါ ကာကွယ်နိုင်ပါ ကြောင်းနှင့် လိုအပ်သော ကူညီပံ့ပိုးမှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေးမြဝတီရပ်ကွက်၊ ထားဝယ်ဈေး ရပ်ကွက် နှင့် တဲကြီးကျေးရွာအုပ်စုတို့မှ လူဦးရေ(၃,၁၄၉)ဦးအတွက် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေကျပ် (၆,၆၁၂,၉၀၀) ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ Mask များ၊ လက်ဆေးဆပ်ပြာများကို ဘေးသင့်ပြည်သူများထံ ပေးအပ် ထောက်ပံ့ပေးခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ကူညီမှုများကို အလျင်အမြန်ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းရှိ ရေဘေးသင့် အိမ်ထောင်စု (၁,၄၅၁)စု၊ လူဦးရေ (၆,၅၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၃,၆၈၃,၆၀၀) ၊ ခေါက်ဆွဲခြောက် (၁၄,၅၁၀) ထုပ်၊ လက်ဆေး ဆပ်ပြာထောင့် (၁,၄၅၁) ထောင့်နှင့်  Mask (၆,၅၁၆)ခု တို့ကို ထောက်ပံ့ပေးခဲ့ပါသည်။

အလားတူ မြစ်ရေမြင့်တက်မှုများကြောင့် ရေဘေးဒဏ်ခံစားကြရသည့် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ (၅)ခုမှ အိမ်ထောင်စု (၉၁)စု၊ လူဦးရေ(၃၆၄)ဦး၊ ပန်းတောင်းမြို့နယ်  ကျေးရွာတစ်ခုမှ အိမ်ထောင်စု(၄)စု လူဦးရေ(၁၇)ဦး၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပြည်ကြီး တံခွန်မြို့နယ်၊ စဉ့်ကူးမြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာ(၂၆)ခုတို့မှ အိမ်ထောင်စု(၇၃၈)စု၊ လူဦးရေ(၂,၉၉၇)ဦး၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်နှင့် မကွေးမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာ(၂)ခုမှ အိမ်ထောင်စု(၃၆)စု၊ လူဦးရေ (၁၃၇)ဦး တို့အတွက် ဆန်ရိက္ခာဖိုးငွေများ၊ Maskများနှင့် လက်ဆေးဆပ်ပြာများကို သက်ဆိုင်ရာ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာဝန်ရှိသူများက ရေဘေးသင့် ပြည်သူများအတွက် ယာယီ ရေဘေးရှောင်နေရာများသို့ သွားရောက်ထောက်ပံ့မှုများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

#hl1_fld

#sgg_jul2020

Source: MOSWRR

 

Sign Up

Upcoming Events