ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပြည်သူသို့အသိပေးနှိုးဆော်ခြင်း

ဇူလိုင် ၂၉၊ နေပြည်တော်

မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီး ရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန် များပြားစွာရွာသွန်းမှုကြောင့် လျှပ်တပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင် ပါသည်။

သို့ဖြစ်ရာ ယခုကာလ၌ ပုံမှန်ရေကြီးရေလျှံခြင်းမျိုးသာမက လျှပ်တပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများနှင့်ပတ်သက်၍လည်း အထူးသတိထားရန် လိုအပ် ကြောင်းနှင့် ပြည်သူလူထုအနေဖြင့် အောက်ပါ အချက်များကို သတိပြုလိုက်နာ ဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်-

  • မိုးလေဝသသတင်းများနှင့် ထူးခြား မြစ်ရေအခြေအနေထုတ်ပြန်ချက်များကို သတိပြု နားထောင်ပါ။
  • အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ကားတာယာကျွတ် အစရှိသည့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင် ထားပါ။
  • မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်းအစရှိသည့် ရေလွှမ်းမိုးပါက အန္တရာယ်ဖြစ်နိုင်သော နေရာများကို မြင်သာသော အမှတ်အသားများဖြင့် ကြိုတင် မှတ်သားထားရှိပါ။
  • တောင်ပေါ်ဒေသများ၊ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက် တွင် လျှပ်တစ်ပြက်ရေကြီးခြင်းများဖြစ်နိုင်ကြောင်း သတိပြုပါ။ လျှပ်တပြက်ရေကြီးခြင်း သည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမိုဂရုပြုနေထိုင်ပါ။
  • မြစ်၊ ချောင်းကမ်းပါးများနှင့် အလွန်နီးကပ်စွာ နေထိုင်သူများ၊ သဲသောင်ပြင်များတွင် သီးနှံစိုက်ပျိုးကြသူများ လိုအပ်ပါက အန္တရာယ်လွတ်ကင်းသည့် နေရာများသို့ ခေတ္တပြောင်းရွှေ့နေထိုင်ပါ။
  • ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတက်သောကြောင့် မြစ်၊ ချောင်း ကမ်းပါးများအနီးသို့ မသွားပါနှင့်။ တောင်ကုန်း၊ တောင်စောင်းများအနီးတွင် နေထိုင်သူများ တောင်ပြိုကျမှုအန္တရာယ်ကို သတိထားပါ။
  • ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းများ မပြုလုပ်ပါနှင့်။ မလွှဲမရှောင်သာ ရေထဲဖြတ်လျှောက်ရပါက တုတ်ဖြင့် စမ်းထောက်ပြီး သွားပါ။
  • ရေကြီးနေစဉ် တောင်ကျချောင်းများ၌ လူ၊ တိရစ္ဆာန်၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကား မဖြတ်ကူးပါနှင့်။ ရေစီးနှင့်မျောပါတတ်ပါသည်။
  • ရေကြီးနေချိန်၊ ရေကြီးပြီးချိန်များတွင် လျှပ်စစ်မီးကြိုး၊ လျှပ်စစ်မီးတိုင်များနှင့် တတ်နိုင်သမျှ ဝေးဝေးနေပါ။ ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံး မပြုပါနှင့်။ မြွေနှင့်အဆိပ်ရှိသောသတ္တဝါများ၏ အန္တရာယ်ကို သတိပြုပါ။

ပြည်သူများအနေဖြင့်ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များ၊ အကြံပြုချက် များအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန်၊ အရေးပေါ်အချိန် တွင် သက်ဆိုင်ရာတာ၀န်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်း ပူးပေါင်းဆောင်ရွက်ပေးပါရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတွင် ဖွင့်လှစ် ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ် သတင်းရယူ အကူအညီတောင်းခံနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန

Source:  MOSWRR

Sign Up

Upcoming Events