ရခိုင်ပြည်နယ်ရှိနေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်း ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အာဆီယံ – မြန်မာ တတိယအကြိမ် အဆင့်မြင့်ညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း

နေပြည်တော်၊ ဇူလိုင်၂၇

 

ရခိုင်ပြည်နယ်ရှိနေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ တတိယအကြိမ် အဆင့်မြင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌  ကျင်းပပြုလုပ်ရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့က အဖွင့်အမှာစကား အသီးသီး ပြောကြား ခဲ့ကြပါသည်။

အစည်းအဝေးပူးတွဲသဘာပတိဖြစ်သည့် ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာ တွင်  COVID-19 ကြောင့် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံ ရေးနှင့် ရခိုင်ပြည်နယ်တွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အတွက် ကြိုးပမ်းအားထုတ်ရာတွင် အခက်အခဲများကို ရင်ဆိုင်နေကြ ရသော်လည်း ကျော်လွှားအောင်မြင်နိုင်ရန် ညီညွှတ်သော အင်အားဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယမန်နှစ် ဒုတိယ အကြိမ်အဆင့်မြင့်ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည့် အချိန်မှ လက်ရှိအချိန်အထိ နည်းပညာဆိုင်ရာလုပ်ငန်း အဖွဲ့အစည်းအဝေးများ ကျင်းပနိုင်သကဲ့သို့ ကနဦးလိုအပ်ချက်ဆန်းစစ် လေ့လာမှုအရ အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် အထောက် အပံ့ပြုနိုင်မည့် ASEAN Ad-Hoc Support Team ကိုဖွဲ့စည်းနိုင်ခြင်းနှင့် ဦးစားပေးစီမံကိန်းများကို အပြီးသတ် ရေးဆွဲနိုင်ခြင်းတို့သည် ရှေ့ဆက်လုပ်ငန်းစဉ်များအတွက် များစွာ အရေးပါပါကြောင်း၊ ထို့အပြင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့၏ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာအစိုးရသည် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် ကနဦးလိုအပ်ချက်ဆန်းစစ် လေ့လာမှုများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားမြို့ရှိ နေရပ် စွန့်ခွာ သူများထံသို့ () ကြိမ်တိုင်တိုင်သွားရောက်မျှဝေနိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍ UNCR UNDP တို့နှင့်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရ လုပ်ငန်းများကို ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တချိန်တည်းမှာပင် နေရပ်စွန့်ခွာ သူများအား ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးအတွက် ဆက်စပ်ပတ်သက်သူများပါဝင်သည့် ညှိနှိုင်းအစည်း အဝေးများနှင့် ရပ်ရွာလူထုဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ပါကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်မှ လူငယ်များအား အသက်မွေး ဝမ်းကျောင်းသင်တန်းများ ပေးနိုင်ရေး အတွက် UEHRD မှတဆင့် စင်ကာပူနိုင်ငံ အခြေစိုက် Asia Philanthropy Circle (APC) နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 နှင့်စပ်လျဉ်း၍ မိမိတို့ဝန်ကြီးဌာနက IDP စခန်းများနှင့် ယာယီ နေရပ်စွန့်ခွာသည့်နေရာများတွင် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် လက်ရှိကာလအတွင်း IDP များနှင့်ယာယီနေရပ် စွန့်ခွာရသူများကို စားနပ်ရိက္ခာပေးအပ်နိုင်ရေးအတွက် WFP ICRC တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် (၃၆) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် နိုင်ငံ ခေါင်းဆောင်များက ရခိုင်ပြည်နယ်အတွင်း လူမှုအသိုင်းအဝိုင်းများအကြား သဟဇာတဖြစ်စေရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံအားပေးခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးတွင် မြန်မာအစိုးရနှင့် အာဆီယံနိုင်ငံများက ပူးပေါင်းဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပူးတွဲသဘာပတိဖြစ်သည့် အာဆီယံအတွင်းရေးမှူးချုပ် က အမှာစကားပြောကြားရာတွင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံ အစိုးရနှင့်ပူးပေါင်း၍ ကနဦးဆန်းစစ်ချက် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် အရေးပါသည့်ခြေလှမ်းတစ်ခုဖြစ်ပါကြောင်း၊ ဆန်းစစ်ချက်ပါ အကြံပြုချက်များကို အကောင်အထည် ဖော်နိုင်ရေးအတွက် လည်းဆက်လက်ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ ဦးစားပေး စီမံကိန်း()ခုအပြင် ရခိုင်ပြည်နယ်အတွက်အရေးပါသည့် အခြားသောစီမံကိန်းများကိုလည်း ဖော်ထုတ်ဆွေးနွေး၍ အကောင် အထည်ဖော်နိုင်ရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ COVID-19 ထိန်းချုပ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင်လည်းအာဆီယံ၏ လူသားချင်းစာနာမှု အကူအညီပေးခြင်းဆိုင်ရာ အရေးပေါ် ထောက်ပံ့ပို့ဆောင်ရေးစနစ်မှတစ်ဆင့် လိုအပ်သည်များကို ပံ့ပိုးပေးရန် လည်း အသင့်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အမှာစကား ပြောကြားရာတွင် အာဆီယံမြန်မာ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုထင်သာမြင်သာရှိစေရန်နှင့် အလေးထားပူးပေါင်းဆောင်ရွက်ရန် အကြီးအကဲများကလည်း လမ်းညွှန်ထားပါကြောင်း၊ သို့မှသာ အာဆီယံနှင့် မြန်မာတို့၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် မှုကို ကမ္ဘာကလည်းသိမြင်နိုင်မည်ဖြစ်ပါကြောင်း၊ UNDP, UNHCR တို့နှင့်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာကိုလည်း နောက်ထပ်()နှစ်သက်တမ်းတိုးထားပြီး ကျေးရွာများသို့ ကွင်းဆင်းလေ့လာမှုများနှင့် သိသာစွာအကျိုးရှိနိုင်မည့်စီမံကိန်းများကို ရေးဆွဲ ထားပြီးဖြစ်ပါကြောင်း၊ ရှေ့ပြေးစီမံကိန်း အကောင် အထည်ဖော်မည့် ကျေးရွာများတွင် နေအိမ်များဆောက်လုပ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းများအတွက်လည်း ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနှင့် ဆက်လက်ဆွေးနွေးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ လူ့အဖွဲ့ အစည်းများအကြား သဟဇာတဖြစ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစေမည့် အကြံပြုချက်များနှင့် ဆွေးနွေးမှုများကို ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊  AHA Centre Ad Hoc Support Team နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့က ဦးစားပေးစီမံကိန်းများ ဆောင်ရွက်တိုးတက်မှု အခြေအနေ၊ ရန်ပုံငွေရရှိမှု၊ ပြီးပြည့်စုံသည့်ဆန်းစစ်ချက်ဆောင်ရွက် နိုင်ရေး၊ ပြည်တွင်းစွမ်းဆောင် ရည်မြှင့်တင်ရေးဆိုင်ရာ စီမံကိန်းအကောင်အထည်ဖော်တိုးတက်မှု ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် UEHRD က ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၊ အာဆီယံနှင့် ထပ်မံပူးပေါင်းဆောင်ရွက်နိုင်ရန် အလား အလာရှိသည့် လုပ်ငန်းနယ်ပယ်အသစ်များနှင့် ဦးစားပေး စီမံချက်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

တတိယအကြိမ်အဆင့်မြင့်အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ UEHRD ကော်မတီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အတွင်းရေးမှူးချုပ်၊ ဒုတိယအတွင်းရေးမှူးချုပ်၊ AHA Centre မှ အမှုဆောင်ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_jul2020

Source:  MOSWRR

Sign Up

Upcoming Events