
ဇူလိုင် ၂၇၊ ကျောက်တံခါး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရှိ ဂွေးကုန်းကျေးရွာအုပ်စု၊ မြို့ချောင်းကျေးရွာ အုပ်စု၊ ဝိုင်းကြီးကျေးရွာအုပ်စု၊ ဆီဆုံကုန်းကျေးရွာအုပ်စုနှင့် ကင်းကျေးရွာအုပ်စုတို့တွင် (၂၆-၇-၂၀၂၀) ရက်နေ့က မိုးသည်းထန်စွာရွာခြင်း၊ လေးပြင်းတိုက်ခတ်ခြင်းတို့ကြောင့် နေအိမ်များ၊ စာသင်ကျောင်းအချို့နှင့် ဘုန်းကြီးကျောင်းအချို့တို့ ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပွားခဲ့ပါသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဘေးသင့်ပြည်သူများအား အားပေး ထောက်ပံ့ခြင်းများကို ယနေ့နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်အတွင်း၌ သွားရောက် ဆောင်ရွက် ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြ ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒညင်းကုန်းကျေးရွာအတွင်း နေအိမ်များ ထိခိုက် ပြိုလဲနေမှုကို လိုက်လံကြည့်ရှုကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျားချောင်းကျေးရွာ၊ ဓမ္မပီတိ ဝိဟာရကျောင်းတိုက်နှင့် ဒညင်းကုန်းကျေးရွာ၊ ဒညင်းကုန်း ကျောင်းတိုက်တို့တွင် ဘေးသင့်ပြည်သူများအားတွေ့ဆုံ၍ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် ကြောင့် မိမိတို့နိုင်ငံတွင်လည်း သဘာဝဘေးဒဏ်များကို မမျှော်လင့်ဘဲ ကြုံတွေ့ခံစားရပါကြောင်း၊ မိမိတို့အနေဖြင့် ယမန်နေ့က တိုက်ခတ်ခဲ့သောလေပြင်းဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် ဘေးသင့်ပြည်သူများအား လာရောက် အားပေး ထောက်ပံ့ခြင်းဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ခုနှစ် အစိုးရသစ် စတက်ကတည်းက ဘေးသင့်ပြည်သူများအား အလျင်အမြန်ထောက်ပံ့ခြင်း၊ ထောက်ပံ့မှုပမာဏတိုးမြှင့်ခြင်း၊ အလေအလွင့်မရှိအောင် ကြပ်မတ်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ပြောင်းလဲမှုများကို ပြည်သူများခံစားနေရပြီဖြစ်သော်လည်း ဆက်လက် ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း၊ ပြည်သူများအတွက် ဆောင်ရွက်မှုတိုင်းတွင် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုသည်သာ အဓိကဖြစ်၍ ပြည်သူများဆက်လက် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အိမ်ခြေ (၆၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးများ၊ လူဦးရေ ( ၂၅၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်းထောက်ပံ့ငွေကျပ် (၃,၃၀၇,၈၀၀) နှင့် ပစ္စည်း(၁၆)မျိုးပါ ကယ်ဆယ်ရေးပုံး များကို ဘေးသင့်ပြည်သူများထံသို့ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: MOSWRR