ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပခုက္ကူမြို့နယ်၊ ပြောင်းရွှေ့စုရပ် စခန်း (၄၃) ခုတွင်၊ ရပ်ကွက် (၆) ရပ်ကွက် ၊ ကျေးရွာအုပ်စု (၂၅) အုပ်စု၊ ကျေးရွာ (၈၈) ရွာတို့မှ အိမ်ခြေ (၉၅၂၄) လုံး၊ အိမ်ထောင်စု (၁၀၆၆၇) စုမှ လူးဦးရေစုစုပေါင်း (၄၈၄၇၆) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ရက်စာ ထောက်ပံ့ငွေကျပ် (၂၉,၀၈၅,၆၀၀) အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့့်အဖွဲ့ဝင်များသည် ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဝင်း၊ မီးသတ်ဦးစီးဌာန ဦးကျော်နိုင် လက်ထောက်ညွှန်ကြားရေးမှူးတို့နှင့်အတူ ပခုက္ကူမြို့ပေါ်ရှိ အမှတ် (၁၅) ရပ်ကွက်တွင်ဖွင့်လှစ်ထားသော ရွှေသိမ်တော်ဓမ္မရိပ်သာကယ်ဆယ်ရေးစခန်းတွင် ဆန်ရိက္ခာထောက်ပံငွေများ ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းအတွင်းရှိ ပြည်သူများအားတွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အဖွဲ့ဝင်များနှင့်အတူ မယ်ဇလီပင်ကုန်းကျေးရွာအုပ်စု၊ မယ်ဇလီပင်ကုန်းကျေးရွာ၊ ငကျော်ကျေးရွာ၊ သံပရာပင်ကုန်းကျေးရွာများရှိ ဧရာဝတီမြစ်ရေဝင်ရောက်ပြီး နေအိမ်အောက်ထပ်များသို့ရေနစ်မြုပ်သော အိမ်များသို့သွားရောက်ကြည့်ရှုပြီး အဆိုပါကျေးရွာများတွင် ရေလွတ်ရာသို့ပြောင်းရွှေ့ထားသော ဘုန်းတော်ကြီးကျောင်းများရှိ ပြည်သူများအားလည်းကောင်း၊ နေအိမ်များတွင် မပြောင်းရွှေ့ဘဲကျန်ရှိနေသော သက်ကြီးရွယ်အိုများနှင့် ကျေးရွာသူ/သားများ၏နေအိမ်များထံသို့ လည်းကောင်း သွားရောက်၍ အရေးပေါ်ဆန်ရိက္ခာတို့ကို (၅-၈-၂၀၁၆) နေ့တွင် အိမ်တိုင်ရာရောက် စနစ်တကျ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အဆိုပါကယ်ဆယ်ရေးစခန်းများတွင် ကျန်မာရေးစောင့်ရှောက်မှု ပေးနေမှုများကိုလည်း ကြည့်ရှုအားပေးစကားပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။
အထက်ဖော်ပြပါ ထောက်ပံ့ငွေနှင့်ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က (၆-၈-၂၀၁၆) ရက်နေ့တွင် ထွေအုပ်အစည်းဝေးခန်းမတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊စုစုပေါင်းအင်အား (၃၁) ဦးတို့အား ပခုက္ကူမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် လူမှု/ကယ်ဆယ် ဝန်ကြီးဌာနက ထောက်ပံ့ပေးအပ်ခဲ့သော ဆန်ရိက္ခာ(၂) ရက်စာရန်ပုံငွေ ကျပ်(၂၉,၀၈၅,၆၀၀) နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများကို ခွဲဝေပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း ရှင်းလင်းအသိပေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။