ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ၏ (၂/၂၀၂၀) ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့်ဆောင်ရွက်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးသို့ ဒုတိယဥက္ကဌ(၁) နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဒုတိယဥက္ကဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမျိုးသားအဆင့်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြည်နယ်အဆင့် ကော်မတီ များ၏ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် အမျိုးသားအဆင့်ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ကအတည်ပြုခဲ့သည့် ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာအမျိုးသာအဆင့်မဟာဗျူဟာအရ ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊ အလားတူ ပြည်နယ်အဆင့်ကော်မတီများကို လည်း ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မဟာဗျူဟာ အောက်တွင် လုပ်ငန်းစီမံချက်များရှိကြောင်း၊ စီမံချက်များ အကောင်အထည်ဖော်ရန် လမ်းညွှန်ချက် (မူကြမ်း)ကိုလည်း ရေးဆွဲထားကြောင်း၊ စီမံချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးသည့် လုပ်ငန်းများရှိသလို ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရန်လုပ်ငန်းများရှိကြောင်း၊ ကချင်ပြည်နယ်တွင် စခန်း(၅)ခု၊ ရှမ်းပြည်နယ်တွင်(၅)ခု၊ ရခိုင်ပြည်နယ်တွင် စခန်း(၄)ခုတို့ကို ပြန်လည်နေရာချထားခြင်း၊ စခန်းပိတ်သိမ်းခြင်းများဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကရင်ပြည်နယ်တွင် စခန်း(၂)ခုရှိရာ ပြန်လည်နေရာချထားနိုင်ရေးဆွေးနွေးညှိနှိုင်းလျက်ရှိပြီး အဆင့်ဆင့်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ တစ်နိုင်ငံလုံးတွင် စခန်း(၁၂၅)ခုရှိရာ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြန်လည်နေရာချထားရေးနှင့် စခန်းများပိတ်သိမ်းရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာအစိုးရဌာန ဆိုင်ရာများသာမက လူမှုအဖွဲ့အစည်းများလည်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်သလို အဓိကအားဖြင့် စခန်းများတွင်နေထိုင်သူများ၊ ပြန်လည်နေရာချထားပေးမည့်နေရာရှိ နေထိုင်သူများ၏ သဘောထား များသည် အရေးကြီးကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်မှသာ ပြီးပြည့်စုံသည့် လုပ်ငန်း ဆောင်ရွက်မှုများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အချိန်ယူဆောင်ရွက်ရန်လိုကြောင်း၊ တွေ့ဆုံညှိနှိုင်းမှု၊ စည်းလုံးညီညွတ်စွာ ချိတ်ဆက်ဆောင်ရွက်မှုများအရေးကြီးကြောင်း၊ ထို့အတူ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အားစိုက်ထုတ်၍ စနစ်တကျ ပြန်လည်နေရာချထားရေးနှင့် စခန်းများ ပိတ်သိမ်းရေးလုပ်ငန်းအဆင့်ဆင့်ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များအဆင်ပြေနိုင်ရေး၊ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး အားလုံး၏အကြံဉာဏ်များ ရယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဝိုင်းဝန်းဆွေးနွေးပေးရန်ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဥ(၁)က အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီ ပြန်လည်နေရာ ချထားရေးနှင့် IDPစခန်းများပိတ်သိမ်းရေးဆောင်ရွက်ရာတွင် နိုင်ငံရေးအခြေအနေနှင့် နိုင်ငံတကာမှ ဖိအားပေးနေမှုအခြေအနေများကိုသိရှိပြီး သတိပြုဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်နေရာချထား ရေးနှင့် စခန်းများပိတ်သိမ်းရေးနှင့်ပတ်သက်၍ အချို့နိုင်ငံများ၊ အချို့အဖွဲ့အစည်းများက အချိန်ကိုက် ဖိအားပေးနေသည်များရှိကြောင်း၊ ဆောင်ရွက်ရန်ရှိသည်များကို သတိပြုဆောင်ရွက်ရန်လိုကြောင်း၊ အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီ ပြန်လည်နေရာချထားရေးနှင့် IDPs စခန်းများ ပိတ်သိမ်းရေး ဆောင်ရွက်ရာတွင် အဆင့်တိုင်း၌ သတိပြုဆောင်ရွက်ရန်၊ အချိန်နှင့်တပြေးညီ အဆင့်ဆင့်တင်ပြ ဆောင်ရွက်ရန်၊ ဆုံးဖြတ်ချက်များရယူဆောင်ရွက်ရန်၊ လုပ်ငန်းတိုင်း၌ကြီးကြပ် ဆောင်ရွက်ရန် လိုကြောင်းဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဌ(၂)က အမျိုးသားအဆင့်မဟာဗျူဟာ၊ မူဝါဒများ၊ လုပ်ငန်း စဉ်များကို စခန်းနေသူများ၊ စခန်းအနီးအနားမူလနေထိုင်သူများကို စဉ်ဆက်မပြတ် ရှင်းလင်း ဆွေးနွေးပေးရန်လိုကြောင်း၊ ၎င်းတို့အနေဖြင့် ကောင်းမွန်စွာနားလည်နေရန်လိုကြောင်း၊ ပြန်လည် နေရာချထားရာတွင် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များ၏ လုပ်ထုံး၊ လုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နေရာရွေးချယ်မှု၊ မြေယာစီမံခန့်ခွဲမှုများတွင် ဉပဒေ၊ နည်းဉပဒေ များနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်နေရာချထားမည့်ကျေးရွာများ ထူထောင်ရာတွင် လိုအပ်သော စာသင်ကျောင်း၊ ဆေးခန်း၊ လမ်း၊ ဈေး စသည်ဖြင့် စနစ်တကျ အကောင်အထည် ဖော်ပေးရန်လိုကြောင်း၊ မူလမြို့ရွာစီမံကိန်းအရ ဆောင်ရွက်ရန်ရှိသည်များကိုလည်း ထည့်သွင်း စဉ်းစားရန်လိုကြောင်းနှင့် ကချင်ပြည်နယ်တွင် စခန်းများပိတ်သိမ်းရေးဆောင်ရွက်မှု အတွေ့အကြုံ များကို ဆွေးနွေးပါသည်။
ဆက်လက်၍ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ ကိုယ်စားလှယ်များက လက်ရှိစခန်းများအခြေအနေ၊ ပြည်နယ်အဆင့်ကော်မတီများဖွဲ့စည်းမှု၊ စခန်း များပိတ်သိမ်းရေးအတွက် မြေနေရာရွေးချယ်မှုနှင့် အခြားလိုအပ်ချက်များအတွက် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်နေမှု၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများဆောင်ရွက်ပေးနေမှု၊ မီဒီယာကဏ္ဍ၏ အရေးပါမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများကိုလည်းကောင်း၊ သက်ဆိုင်ရာဌာနအသီးသီးမှ ကိုယ်စားလှယ်များက လုပ်ငန်းကဏ္ဍအသီးသီးအလိုက်ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ COVID-19 ကာလ IDPs စခန်းများတွင် စီမံချက်ဖြင့် ပံ့ပိုးကူညီမှုများ၊ ပြန်လည်နေရာ ချထားရေးအကောင်အထည်ဖော်ရာတွင် COVID-19 ဆိုင်ရာလုပ်ငန်းစဉ်အရ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြပြီး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်ရှိသည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်း ရရှိပါသည်။