ကချင်ပြည်နယ်အတွင်းရှိ (IDPs)များ ပြန်လည်နေရာချထားရေးတွင် တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို တာဝန်ရှိ သူများနှင့် တွေ့ဆုံညှိနှိုင်းမှုသတင်း

ဇူလိုင်၂၃၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံမှ  ကနဦး ဖြစ်နိုင်ခြေဆန်းစစ်လေ့လာခြင်း ဆောင်ရွက်မည့်ကိစ္စအပေါ်  Power China Kunming Engineering Corporation က Chief Representative ဖြစ်သူ Mr. GaoZhong ping ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချ ထားရေး၊ မိမိတို့ဆန္ဒနှင့်အညီ နေရပ်ပြန်နိုင်ရေးလုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံမှ ယွမ်သန်း(၂၀၀) ကူညီ ထောက်ပံ့မည်ဖြစ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့်ခရီးစဉ်အတွင်း စီးပွားရေးနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ စာချုပ်အရ ကနဦး ဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာခြင်းကို ကွင်းဆင်းဆောင်ရွက်ရန် ယွမ်(၁)သန်း အသုံးပြုမည်ဖြစ်ရာ မြန်မာနိုင်ငံဘက်မှ အဆိုပါအဖွဲ့ လာရောက် ပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ပြည်နယ်(၅)ခုတွင် နေရပ်စွန့်ခွာရသူများရှိနေပြီး ပြန်လည် နေရာချထားရေးကိစ္စများ ဆောင်ရွက်ရန်အတွက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကိုဖွဲ့စည်းပြီး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် မဟာဗျူဟာ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုတရုတ်နိုင်ငံက အကူအညီပေးအပ်မှု လုပ်ငန်းစဉ် စတင်မည်ဖြစ်သည့်အတွက် များစွာ အထောက်အပံ့ဖြစ်ပြီး ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံ အစည်းအဝေးများ၏ ပြည်ထောင်စု၏ သဘောတူညီချက်များတွင်  နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးကိစ္စပ်ရပ်များကို ဦးစားပေးအဖြစ် သတ်မှတ်ထားပါကြောင်း၊ ယခုလိုကူညီ ပေးသည့်ကိစ္စရပ်များသည်လည်း ငြိမ်းချမ်းရေး ကိစ္စရပ်များအတွက် များစွာအထောက်အကူ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်မည့် Power China Kunming Engineering Corporation က လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဖွဲ့(၂)ဖွဲ့ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ရာ မြန်မာနိုင်ငံဘက်မှ ကူညီ ပံ့ပိုးရန် လိုအပ်မည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးသို့ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးဦးစိုးအောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် Power China Kunming Engineering Corporation မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_jul2020

Source:  MOSWRR

 

Sign Up

Upcoming Events