ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ ရေဘေးသင့်ပြည်သူများ အမြန်ဆုံးပြန်လည် ထူထောင်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့်  ထောက်ပံ့ခြင်းများ ဆောင်ရွက်မှုသတင်း

ဇူလိုင် ၂၂ ၊ အမရပူရ

        မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာအုပ်စု၊ မန္တလေးစစ်ကိုင်းလမ်း တာရိုးကျိုးပေါက်ခဲ့ပြီး ဧရာဝတီမြစ်ရေဝင်ရောက်ကာ ဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့နေထိုင်ရသည့် ရေဘေးသင့်ပြည်သူများအား စားရေရိက္ခာနှင့် ဆန်ရိက္ခာဖိုးငွေများ၊ COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းများထောက်ပံ့ခြင်း၊ နှစ်သိမ့်အားပေးခြင်းနှင့် အမြန်ဆုံးပြန်လည် ထူထောင်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများကို ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက် ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အမရပူရမြို့၊ သံသေကပ်ကျော်ဆုတောင်းပြည့် မြတ်စွာဘုရားတန်ဆောင်း၊ အေးချမ်း သာဓမ္မကျောင်းဆောင်၊ မဟာဗောဓိသန်တောင် မြတ်စွာဘုရားတန်ဆောင်း၊ ပိန်းတန်းအစိုးရမူလတန်းကျောင်းနှင့် သီလသမာဓိ ပညာ မဂ္ဂင်ဓမ္မာရုံတို့တွင် ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင် စခန်းများသို့ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ မိမိတို့အနေဖြင့် ဘေးဒဏ်ခံစားရသူများအား လာရောက်အားပေး ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း၊ လိုအပ်ချက်များကို အတတ်နိုင် ဆုံး ဖြည့်ဆည်းပေးမှာဖြစ်ကြောင်း၊ မြစ်ရေဝင်ရောက်ခြင်းကို ပိတ်ဆို့ခြင်းနှင့် ရေနစ်မြုပ်နေရာများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း များကို မန္တလေးတိုင်းဒေသကြီးအစိုးရ၊ မြို့တော်စည်ပင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်း များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလို ဘေးဒုက္ခမျိုးသည် ခဏမျှသာဖြစ်ကြောင်း၊ စိတ်ဓာတ်မကျရန်လိုပါကြောင်း၊ အားလုံးဝိုင်းဝန်ကြိုးပမ်းကြမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးကိုလည်း အထူးဂရုစိုက်စေလိုကြောင်း ပြောကြားပြီး ယခင်နှစ်များ၏ ရေဘေးအတွေ့ အကြုံများကို မေးမြန်းခဲ့ပါသည်။

 ထို့နောက် ရေဘေးသင့်ပြည်သူများအတွက် တစ်ပတ်စာ ဆန်ရိက္ခာ ဖိုးငွေကျပ် ၂၁,၇၈၉,၆၀ဝိ/- (ကျပ် နှစ်ရာတစ်ဆယ့် ခုနှစ်သိန်း ရှစ်သောင်း ကိုးထောင့်ခြောက်ရာတိတိ) ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ရေသန့်ဘူးများ၊ Mask များနှင့် လက်ဆေးဆပ်ပြာ များကို ထောက်ပံ့ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဖြစ်စဉ်နေရာသို့ရောက်ရှိပြီး တာရိုးကျိုးပေါက်မှုကြောင့် ဧရာဝတီမြစ်ရေ ဝင်ရောက် ခြင်းကို ပိတ်ဆို့နိုင်မှုနှင့် ရေဝင်ရပ်ကွက်များမှ ရေများအမြန်ဆုံး လျော့နည်းသွားစေရန် စုပ်ထုတ်ပေးနေမှု အခြေအနေများကို လိုက်လံကြည့်ရှုပါသည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီးမြို့တော်ဝန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊  တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရေများအမြန်ဆုံး စုပ်ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီပေးနိုင်မည့်ကိစ္စရပ်များ၊ နှစ်စဉ်ရေဘေးကြုံတွေ့ရသည့် ရပ်ကွက်များအတွက် ရေရှည်ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝင်ရောက်ခဲ့သော မြစ်ရေများစုပ်ထုတ်သည့် လုပ်ငန်းစဉ်တွင် ပိုမိုမြန်ဆန်စွာ ရေများ စုပ်ထုတ်ပေးနိုင်ရေးအတွက် လိုအပ်သည့် ရေစုပ်စက်ကြီးများနှင့် ဆက်စပ်ပစ္စည်းများ အမြန်ဆုံးဝယ်ယူအသုံးပြုနိုင်ရေး အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ငွေကျပ်သိန်း(၁,၀၀၀)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ စက်သုံးဆီဖိုး ငွေကျပ် ၇,၀၅၆,၀၀ဝ/- (ကျပ် သိန်းခုနှစ်ဆယ် ငါးသောင်း ခြောက်ထောင်တိတိ)  တို့ကို  တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေဝင်ရောက်နေသည့် ကျန်တန်းရပ်ကွက် အတွင်းသို့ လှေဖြင့်သွားရောက် ကြည့်ရှုပြီး ‌ပွဲတော်ကျောင်းတိုက်ရှိ ရေဘေးသင့်ပြည်သူများအား အားပေးထောက်ပံ့ခြင်း၊ ရေဘေးသင့်ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှုခံယူလျက်ရှိသော  အမရသုခကုသိုလ်ပြုဆေးခန်းအတွက် ထောက်ပံ့ငွေကျပ် (၁၀) သိန်း၊ ရေဘေးကယ်ဆယ်ရေး အတွက် အသုံးပြုနိုင်ရန် ဖိုက်ဘာလှေ (၃)စီးတို့ကို ကျောင်းတိုက်ဆရာတော်ထံသို့ လှူဒါန်းခဲ့ပါသည်။

 ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည့် ဘုန်ကြီး ကျောင်းများရှိ ဆရာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

ယနေ့အထိ အမရပူရမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့ပေးခဲ့သည့် ဆန်ရိက္ခာဖိုး၊ ခေါက်ဆွဲခြောက်နှင့် ရေသန့် စုစုပေါင်းတန်ဖိုး ငွေကျပ် ၅၀,၂၄၅,၃၀ဝ/- (ကျပ် ငါးရာ့နှစ်သိန်း လေးသောင်း ငါးထောင့် သုံးရာတိတိ) ရှိကြောင်း သတင်းရရှိပါသည်။

#hl1_fld

#mdy_jul2020

Source:  MOSWRR

Sign Up

Upcoming Events