ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာအုပ်စု၊ မန္တလေး – စစ်ကိုင်းလမ်း လမ်းသားပြတ်တောက်၍ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးသင့် ပြည်သူများအား ထောက်ပံ့

ဇူလိုင်၊ ၂၀ ၊ အမရပူရ
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာအုပ်စု၊ မန္တလေး – စစ်ကိုင်းလမ်း ရှိ ရွှေဂဲရေဆိုးထုတ်စက်ရုံအတွင်းသို့ ယမန်နေ့ညက ဧရာဝတီမြစ်ရေများသည် ကမ်းနားလမ်း၏ အောက်ဖက်မှ ထူးပေါက်ဖြစ်၍ ဝင်ရောက်လာမှုကြောင့် ရေလွှမ်းနိုင်သည့် ရပ်ကွက်(၄)ခုမှ အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ပေးခဲ့ရပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ဘေးသင့်ပြည် သူများအား ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ခြင်း၊ COVID 19 အကာအကွယ်ပစ္စည်းများထောက်ပံ့ခြင်းနှင့် ဖြစ်စဉ်ကြောင့် မန္တလေး – စစ်ကိုင်းလမ်း လမ်းသားပြတ်တောက်၍ ဧရာဝတီမြစ်ရေများ နံကပ်အင်း အတွင်း စီးဝင်နေမှုကို ပိတ်ဆို့နိုင်ရေးလိုအပ်သောကူညီပံ့ပိုးမှုများ ပေးခြင်းများကို သွားရောက် ပူးပေါင်း ညှိနှိုင်း‌ ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူမှုအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အမရပူရမြို့၊ ရှင်ပင်ဆတ်သွားဘုရားတန်ဆောင်း၊ မိုးကောင်းမြတ်စွာဘုရား ဓမ္မာရုံနှင့် ကျန်တန်းဓမ္မာရုံတို့တွင် ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင် စခန်းများသို့ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခြင်း၊ COVID 19 ကာကွယ်ရေးအတွက် သတိထားရမည့်အချက်များ ပြောကြားခြင်း၊ ရေဘေးသင့် အိမ်ထောင်စု (၁,၄၄၈) စု မှ လူဦးရေ (၄,၀၃၄)ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ် (၈,၄၇၁,၄၀၀) ကို ထောက်ပံ့ခြင်း၊ Mask များနှင့် လက်ဆေးဆပ်ပြာများ ထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးခဲ့ ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဖြစ်စဉ်နေရာသို့ ရောက်ရှိပြီး နံကပ်အင်းပတ်လည် ရှိ တာရိုးနိမ့်ပြီး ရေများကျော်ဝင်နိုင်သော နေရာများကို လိုက်လံကြည့်ရှုပါသည်။ ထို့နောက် ဖြစ်စဉ်ကြောင့် မန္တလေး- စစ်ကိုင်းလမ်း လမ်းသားပြတ်တောက်ပြီး မြစ်ရေများ စီးဝင်နေသည့် အခြေအနေကို ကြည့်ရှုပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် တို့နှင့် မြစ်ရေစီးဝင်နေမှုကို အမြန်ဆုံးပိတ်ဆို့နိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပံ့ပိုးပေးနိုင် မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
နံကပ်အင်းပတ်လည်ရှိ လူနေအိမ်ခြေများအနီး ရေကျော်နိုင်သည့် တာရိုးနိမ့်သောနေရာများ ကို သဲအိတ်များချထားနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၏ ပံ့ပိုးမှုဖြင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
#hl1_fld
#mdy_jul2020
 
 
Source: MOSWRR

Sign Up

Upcoming Events