ဇူလိုင် ၁၈၊ စစ်တွေ
~~~~~~
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၈-၇-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချ ထားရေး၊ ယာယီတိုက်ပွဲရှောင်စခန်းများတွင် ပံ့ပိုးကူညီရေးနှင့်COVID-19 လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီအောက်ရှိ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီတို့က ပြည်နယ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ UEHRD ကော်မတီက မောင်တောဒေသ အကြမ်းဖက် ဖြစ်စဉ်များတွင် တစ်ဖက်နိုင်ငံသို့ထွက်ခွာသွားခြင်းမရှိဘဲ ဒေသတွင်း ပြောင်းရွှေ့နေထိုင်ရသူများအား ပြန်လည်နေရာချထားရေး ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDP စခန်း ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ ဒေသဖွံ့ဖြိုးရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း လတ်တလော ပဋိပက္ခဖြစ်စဉ်များကြောင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ယာယီခိုလှုံရာ စခန်းများ တည်ဆောက်ခြင်း၊ ထောက်ပံ့ကူညီမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုများ၊ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် Quarantine Center များထားရှိဆောင်ရွက်မှုအခြေအနေ များနှင့် လိုအပ်ချက်များ၊ တိုက်ပွဲရှောင်စခန်းများနှင့် IDP စခန်းများတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးအတွက် ပံ့ပိုးကူညီပေးမှုများ၊ နိုင်ငံတော်၏ COVID-19 စီးပွားရေးပြန်လည်ကုစားရေးအစီအစဉ်တွင် ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်မည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း များနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ယနေ့ညှိနှိုင်းဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးညီပု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှု မရှိစေရေး လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။