လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများပေးအပ်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို (၁၈-၇-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်း၌ စစ်တွေမြို့တွင် ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးညီပု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့၊ တိုင်းရင်းဆေးဆေးရုံ၌ Quarantine Center အဖြစ် ဖွင့်လှစ်ထားရှိသော နေရာသို့ရောက်ရှိပြီး COVID-19 လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် ဂုဏ်ပြုလွှာများကို ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံပေးအပ်ခြင်း၊ ရင်ထိုးတံဆိပ်များ၊ Mask များနှင့် လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းကိုယ်စားလှယ်တစ်ဦးနှင့် ပရဟိတအဖွဲ့ ကိုယ်စားလှယ်တစ်ဦးထံပေးအပ်ခြင်း၊ Quarantine Center များရှိ ကိုယ်ဝန်ဆောင်မိခင်(၁၄)ဦး၊ အသက်(၅)နှစ်အောက်ကလေး(၆၇)ဦး၊ အသက်(၆၀)နှစ်နှင့်အထက်ဘိုးဘွား (၆၀)ဦးတို့ အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃)သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄,၂၃၀,၀၀ဝိ/- (ကျပ်လေးဆယ့်နှစ်သိန်းသုံးသောင်းတိတိ)ကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံသို့ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ယနေ့စစ်တွေမြို့၌ ပေးအပ်သော စေတနာ့ဝန်ထမ်း (၃၆၄)ဦး၊ ပရဟိတအဖွဲ့ (၃၇)ဖွဲ့တို့အတွက် ဂုဏ်ပြုလွှာများကို ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါသည်။
ယနေ့ ရခိုင်ပြည်နယ်အတွင်း ဂုဏ်ပြုလွှာများပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါ ပြန့်ပွားမှုမရှိစေရေး လိုက်နာရန်ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။