ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ချင်းတိုင်းရင်းသားများနှင့် ပတ်သက်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

 

ဇူလိုင် ၁၆၊ နေပြည်တော်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ချင်းတိုင်းရင်းသားများနှင့် ပတ်သက်၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ချင်းတိုက်ပွဲရှောင် ပြည်သူများကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီနှင့် ဆွေးနွေးညှိနှိုင်းခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Video Conference ဖြင့် ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ချင်းတိုက်ပွဲရှောင်ပြည်သူများကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (Relief and Rehabilitation Committee for Chin IDPs-RRCCI) တို့မှကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များ ကြောင့်သော်လည်းကောင်း၊ ပဋိပက္ခများကြောင့်သော်လည်းကောင်း၊ ရွှေ့ပြောင်းနေထိုင်ရသူများ ရှိနေကြောင်း၊ ယခုဖြစ်ပေါ်လျက်ရှိသည့် တိုက်ပွဲရှောင်များကိစ္စသည် အရေးကြီးသည့်အတွက် ပူးပေါင်းဖြေရှင်းဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မဟာဗျူဟာများ၊ အစီအမံများချမှတ်ဆောင်ရွက်ပေးနေကြောင်း၊ တိုက်ပွဲရှောင်များအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်နေသကဲ့သို့ ပြန်လည်နေရာချထားပေး နေခြင်းများလည်း ရှိကြောင်း၊ ပြီးခဲ့သည့် အစည်းအဝေးတွင် ချင်းတိုက်ပွဲရှောင်ပြည်သူများကူညီရေးနှင့်ပြန်လည် ထူထောင်ရေးကော်မတီမှ လိုအပ်ချက်(၈)ချက်တင်ပြထားကြောင်း၊ တင်ပြချက်များနှင့်ပတ်သက်၍ တိုက်ပွဲရှောင် များအတွက် အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ရေး၊ စားနပ်ရိက္ခာသိုလှောင်ရေး၊ ယာယီတဲတန်းလျား တည်ဆောက်ရေး၊ လုံးချင်းအိမ်တည်ဆောက်ရေး၊ COVID-19 အသိပညာပေးရေးနှင့် ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ပစ္စည်းများထောက်ပံ့ရေးတို့ကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ချင်းပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုတွေ့ဆုံရာတွင် လိုအပ်ချက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပဋိပက္ခများကြောင့် ပြည်သူများ ဒုက္ခများ ခံစားကြရသည့်အတွက် ပဋိပက္ခများ ချုပ်ငြိမ်းသွားရေးသည် အရေးကြီးသဖြင့် ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ တိုက်ပွဲရှောင်များအတွက် လက်ရှိအခက်အခဲများကို အတတ်နိုင်ဆုံး ဖြေရှင်းပေးနိုင်ရန် အားလုံးပါဝင် အကြံပြုဆွေးနွေး ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားပါသည်။

ထို့နောက် ချင်းတိုက်ပွဲရှောင်ပြည်သူများကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ ဉက္ကဌ ဦးဆလိုင်းအိုက်ဇာတ်ခင်က ဆွေးနွေးရာ မိမိတို့ကော်မတီအနေဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ချင်းလူမျိုးများနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၊ အခြားသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီသို့ လှူဒါန်းငွေများကို စားနပ်ရိက္ခာထောက်ပံ့မှု၊ ယာယီနေအိမ်များဆောက်လုပ်မှု၊ ဆေးဝါးကုသမှုနှင့် အခြားသတင်းအချက် အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များအတွက် အသုံးပြုနေကြောင်း၊ ပလက်ဝနှင့် ဆမီးတွင် တိုက်ပွဲရှောင်များအပြင် နေထိုင်ရာကျေးရွာများ၌ ပိတ်မိနေသူများလည်းရှိကြောင်း၊ ဆန်ရိက္ခာလိုအပ်မှု၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခက်အခဲများရှိကြောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင်လည်း ချင်းလူမျိုး တိုက်ပွဲရှောင်များ ရှိကြောင်း၊ တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်သူများရှိသကဲ့သို့ ၎င်းတို့၏အစီအစဉ်များဖြင့် စခန်းပြင်ပတွင် နေထိုင်သူများလည်းရှိကြောင်း၊ အမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်များ အတွက် ရိက္ခာသယ်ယူရာတွင် လုံခြုံရေးအခြေအနေကြောင့် အခက်အခဲရှိသဖြင့် စားနပ်ရိက္ခာလိုအပ်ချက်များ ရှိကြောင်းနှင့် အဆောက်အအုံ ဆောက်လုပ်ရေး၊ ပညာသင်ကြားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များရှိကြောင်းတို့ကိုဆွေးနွေးပါသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်အဆင့်မှဆောင်ရွက်ပေးနေမှု၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းထောက်ပံ့မှု၊ လုံခြုံရေးအခြေအနေအရ စားနပ်ရိက္ခာသယ်ယူပို့ဆောင် ရေးအခက်အခဲရှိမှုအပေါ် ပူးပေါင်းဖြေရှင်းဆောင်ရွက်နေမှု၊ စစ်တွေ၊ ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းဖြင့် သယ်ယူနိုင်ရေး ဆောင်ရွက်မှု၊ နေအိမ်များဆောက်လုပ်ပေးမှု၊ ဆမီး-ပလက်ဝ လမ်းပိုင်းပြင်ဆင်ရန် ဆောင်ရွက်နေမှု၊ COVID-19 နှင့်ပတ်သက်၍ ဆောင်ရွက်မှု၊ လတ်တလော ဆောင်ရွက်မှုများအပြင် ရေရှည်အတွက်လည်း စီမံဆောင်ရွက်ရန်လိုအပ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးပါသည်။

ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာပြည်နယ် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှကိုယ်စားလှယ်များနှင့် တက်ရောက် လာကြသူများက အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ ဆက်လက်ဆောင်ရွက် ပေးနိုင်မည့်လုပ်ငန်းများ၊ ပူပေါင်းညှိနှိုင်းဆောင်ရွက်ရန်ရှိသည်များကို ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_jul2020

Source:           MOSWRR

 

Sign Up

Upcoming Events