ဇူလိုင် ၁၆၊ နေပြည်တော်
ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်း၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဒေသ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရေကြီးရေလျှံဘေးနှင့်စပ်လျဉ်း၍ ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်မှုနှင့် ဖြစ်ပွားချိန်တွင် အရေးပေါ်တုံ့ပြန်နိုင်ရေးစီမံဆောင်ရွက်မှုများမှာ အရေးကြီးပါကြောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သည့်ဘေးများအတွက် ဒေသအလိုက်မတူညီသည့် အခက်အခဲများရှိပါကြောင်း၊ လက်တွေ့ဖြေရှင်းဆောင်ရွက်နိုင်ရန် ကြိုတင်ခန့်မှန်းမှုများရှိရန် လိုပါကြောင်း၊ ကြိုတင်ခန့်မှန်းတွေ့ရှိရသည့် လိုအပ်ချက်များ၊ ဆောင်ရွက်ရန်ရှိသည်များကို သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ တာဝန်ရှိသည့်ဌာနဆိုင်ရာများ၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ် မကျရောက်မီ သတင်းအချက်အလက်များ ကြိုတင်စုဆောင်းထားရှိပြီးဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင် အလွယ်တကူချိတ်ဆက်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများအနေဖြင့်လည်း သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသော ကြောင့် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အတွင်း သဘာဝဘေးလျော့ပါးရေးဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရအဖွဲ့များထံ အကြံပြုတင်ပြခြင်း၊ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းချိတ်ဆက်၍ ညှိနှိုင်းဆောင်ရွက်ခြင်း များကို အလေးထား ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ ပြည်သူများအား ရှင်းလင်းစွာ အချိန်မီ အသိပေး ကြေညာရန်နှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိရန် ကြိုးပမ်းကြစေလိုကြောင်း၊ COVID-19 နှင့်ပတ်သက်၍လည်း ညွှန်ကြားချက်များအတိုင်း ထည့်သွင်းစဉ်စား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် COVID-19 ကာလတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ရန်ပုံငွေသတ်မှတ်သုံးစွဲခွင့် ပြုထားကြောင်း၊ COVID-19 အလွန်ကာလတွင် အခြားနိုင်ငံများနည်းတူ ငွေကြေးသုံးစွဲမှုများ ပိုမိုကျပ်တည်းလာနိုင်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ယခုအချိန်၌ သုံးစွဲနေသည့်ငွေကြေးများကို အလေအလွင့် မရှိစေရေး အထူးအလေးထားဆောင်ရွက်ရန် လိုကြောင်း၊ လက်ရှိဆောင်ရွက်ချက် များကို ရေရှည်အကျိုးဆက်ကိုပါမျှော်မှန်း၍ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် နှစ်စဉ် ရေကြီးမှုအတွေ့အကြုံများ ရှိပြီးဖြစ်ကြောင်း၊ ရေကြီးရေလျှံဘေးနှင့်ပတ်သက်၍ မိမိတို့ဒေသအတွင်းရှိ မြစ်၊ ချောင်းများ၏အခြေအနေနှင့် ယခင်ဖြစ်ပေါ်ခဲ့သည့်အခြေအနေများကို ဆက်စပ် စဉ်းစားရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးပစ္စည်းများကိုလည်း ကြိုတင် စုဆောင်းပြီးဖြစ်ရာ ဘေးဒဏ်ကျရောက်ပါက အချိန်မီချိတ်ဆက်ဆောင်ရွက်နိုင်ရန် အသင့်ဖြစ်စေလိုကြောင်း၊ ပညာရှင်များ၏ ခန့်မှန်းချက်အရ ယခုနှစ်တွင်မိုးနည်းနိုင်သော်လည်း နေရာကွက်၍ မိုးကြီးခြင်းကြောင့် လျှပ်တစ်ပြက်ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများကို ကြုံတွေ့နိုင်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ သဘာဝဘေး ကျရောက်နိုင်ခြေရှိသည့် နေရာဒေသများတွင် အခြေချနေထိုင်မှုများ၊ အလုပ်လုပ်ကိုင်နေမှုများနှင့် ဆက်စပ်၍ အန္တရာယ်ကျရောက်နိုင်ခြေများကို သက်ဆိုင်ရာ အစိုးရအဖွဲ့များထံ ကြိုတင်အကြံပြုတင်ပြခြင်းဖြင့် ထိခိုက်မှုများလျော့နည်းအောင် ဆောင်ရွက်စေနိုင်မှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက မိမိတို့ဒေသအလိုက် လတ်တလော ဖြစ်ပေါ်လျက် ရှိသည့် ရေကြီးရေလျှံမှုများနှင့် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ၊ ရေကြီးရေလျှံမှု ဖြစ်ပေါ်လာပါက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန်စီစဉ်ထားမှုများ၊ ယင်းသို့ရွှေ့ပြောင်းရပါက COVID-19 ထိန်းချုပ်၊ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီထားရှိနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများနှင့် လိုအပ်ချက်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1_fld
#npw_jul2020
Source: MOSWRR