နေပြည်တော်၊ဇူလိုင်၁၅
ဇူလိုင်လ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်နေ့များအတွင်း မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးသည်း ထန်စွာရွာသွန်းမှုနှင့် နေရာကွက်၍ မိုးကြီးမှုများကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပါသည်။ မြစ်ရေ မြင့်တက်ခြင်းကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဆင်ဘိုမြို့နှင့် ရွှေကူမြို့များရှိ ရပ်ကွက်အချို့မှ အိမ်ထောင်စု (၁၅၅) စု၊ လူဦးရေ (၆၇၁) ဦးတို့ကို ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ ပေးခဲ့ရပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများအား ဆန်ရိက္ခာဖိုးနှင့် COVID-19 ကာကွယ်ရေးအတွက် လိုအပ်သည့် ဆပ်ပြာနှင့် အဝတ်နှာခေါင်းစည်းများကို ထောက်ပံ့ပေး လျက်ရှိပါသည်။
အဆိုပါမြစ်ရေသည် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၁၅-၇-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) အချိန်တိုင်းတာချက်များအရ ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေအမှတ်အနီးသို့ ရောက်ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် နောက် (၂၄) နာရီအတွင်း ယင်းမြို့၏ စိုးရိမ် ရေအမှတ်အနီးသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ အဆိုပါမြစ်ရေသည် မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့များသို့ နောက် (၂) ရက်ခန့်တွင် ရောက်ရှိလာနိုင်ပါသည်။ ထိုနည်းတူစွာချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့များတွင် နောက်လာမည့် (၃) ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်ရှိနိုင်ကြောင်းခန့်မှန်းထားပါသည်။
မိုးရွာသွန်းမှုအနေဖြင့် လာမည့် (၃) ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် ပုံမှန် ရွာသွန်းမြဲအခြေအနေရှိသည့်အတွက် ဧရာဝတီမြစ်အထက်ပိုင်း၌ ရေတိုးနိုင်ခြေလျော့နည်း သွားဖွယ်ရှိ ကြောင်း ခန့်မှန်းရပါသည်။
သို့သော် ယခင်ကဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်များကို အခြေခံ၍လေ့လာဆန်းစစ်မှု များအရ ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ မုံရွာ၊ စစ်ကိုင်းနှင့် မြောင်မြို့နယ်များ၊ မန္တလေးတိုင်းဒေသကြီး အမရပူရ၊ စဉ့်ကိုင်၊ တံတားဦး၊ ကျောက်ဆည်၊ တောင်သာနှင့် မြစ်သားမြို့နယ်များတွင် မြစ်ရေကြီးမှုအများဆုံးဖြစ်ပွားလေ့ရှိသည်ကို တွေ့ရှိရပါသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအထက်ပိုင်းရှိ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့နှင့် ကသာမြို့ များသို့ စီးဆင်းလာပြီဖြစ်ရာ နောက်လာမည့် ရက်အနည်းငယ်အတွင်း သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူစသည့်မြို့များသို့ ရောက်ရှိနိုင်သောကြောင့် အဆိုပါဒေသများရှိပြည်သူများအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့် မြစ်ရေကြီးမှုသတိပေးချက်များကို အထူးအလေးပေး နားထောင်ကြပါရန်နှင့် လိုအပ်ချက်နှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရေဘေးကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အချက်အလက်များကို လေ့လာ သတိပြုလိုက်နာ ဆောင်ရွက်ကြပါရန် အသိပေးပန်ကြားအပ်ပါသည်။
ရေကြီးရေလျှံခြင်းနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် COVID19 ကာလ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုအဖွဲ့ အစည်းများနှင့် ပြည်သူများအားလုံးပူးပေါင်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရန်လို အပ်ပါသည်။
ရေကြီးခြင်း အပါအဝင်ဘေးအန္တရာယ်ဖြစ်ပွား ပေါ်ပေါက်မှုများနှင့်စပ်လျဉ်း၍ သတင်းပေး ဆက်သွယ်လိုခြင်းနှင့် အရေးပေါ်အကူအညီလိုအပ်မှုများကို တောင်းခံလိုခြင်းများရှိပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက (၂၄) နာရီဖွင့်လှစ်ထားသည့် Hot Line ဖုန်းနံပါတ်၊ ၀၆၇-၃၄၀၄၆၆၆/၀၆၇-၃၄၀၄၇၇၇တို့သို့ ဆက်သွယ်သတင်းပေးပို့ရယူနိုင်ပါသည်။
#ar_fld
#npw_jul2020
Source: MOSWRR