
ဇူလိုင် ၁၄၊ နေပြည်တော်
၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့ ညနေပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပြီး မြေနိမ့်ပိုင်း ရပ်ကွက်များသို့ မြစ်ရေစတင်ဝင်ရောက်ခဲ့ရာ (၁၂-၇-၂၀၂၀)ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ကယ်ဆယ် ရေးစခန်း(၉)ခုနှင့် ဝိုင်းမော်မြို့၊ ကယ်ဆယ်ရေးစခန်း(၁)ခုသို့ စုစုပေါင်း အိမ်ထောင်စု (၁၄၂) စု၊ လူဦးရေ (၆၀၁)ဦးတို့ ခေတ္တပြောင်းရွှေ့ခိုလှုံလျက်ရှိပြီး (၁၃-၇-၂၀၂၀)ရက်နေ့တွင်လည်း ရွှေကူမြို့ နယ်မှ အိမ်ထောင်စု (၁၅)စု၊ လူဦးရေ (၇၀)ဦးတို့သည် ရေဘေးကယ်ဆယ်ရေးစခန်း (၃)ခု သို့ လည်းကောင်း၊ ဆင်ဘိုမြို့မှ အိမ်ထောင်စု (၄)စု၊ လူဦးရေ (၂၂)ဦးတို့သည် ဆွေမျိုးများနေအိမ်သို့ လည်းကောင်း ပြောင်းရွှေ့ခိုလှုံခဲ့ပါသည်။ ၎င်းတို့အနက် ဝိုင်းမော်မြို့၊ ကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၂)ဦးတို့သည် ရေများကျသွားသဖြင့် (၁၃-၇-၂၀၂၀)ရက်နေ့တွင် ၎င်းတို့၏ နေအိမ်များသို့ ပြန်သွားခဲ့ကြကြောင်း သိရှိရပါသည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ရှိ ကယ်ဆယ်ရေးစခန်း(၉)ခုမှ ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၁,၂၁၅,၉၀၀/-)ကို ယမန်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပြီး ကယ်ဆယ်ရေးစခန်းများရှိ ရေဘေး ရှောင်ပြည်သူများအား COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး၍ အဝတ် Mask နှင့် ဆပ်ပြာတို့အား ဆက်လက်ဝေငှလျက်ရှိကြောင်း သတင်းရရှိပါသည်။
Source: MOSWRR