ဇူလိုင် ၁၃၊ နေပြည်တော်
မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ဘဝတစ်လျှောက်အတွေ့အကြုံများဆိုင်ရာ လေ့လာမှု စစ်တမ်းကောက်ယူရေးဆိုင်ရာ Virtual Consultation Workshop ကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Online ညှိနှိုင်းဆွေးနွေးပွဲအဖြစ် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ Online Consultation Workshop တွင် အမျိုးသမီးများ၏ ဘဝတစ်လျှောက်အတွေ့အကြုံများ လေ့လာမှုစစ်တမ်းနည်းပညာကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်က အဖွင့် အမှာစကားပြောကြားရာတွင် ယနေ့ညှိနှိုင်းဆွေးနွေးပွဲအား အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်းကောက်ယူရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် စစ်တမ်းဆိုင်ရာလုပ်ငန်းရပ်များအပေါ် အကြံဉာဏ်များရယူနိုင်ရန် ကျင်းပဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ဤစစ်တမ်းအားဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံးက (၂၀-၉-၂၀၁၉) ရက်နေ့တွင် အမျိုးသမီးများ၏ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း နည်းပညာ ကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသည် နိုင်ငံတော်ကိုယ်စား အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဗဟိုချက်အဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိသော ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ ဤလေ့လာမှုစစ်တမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့တို့၏စီမံကြီးကြပ်မှု၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ကူညီပံ့ပိုးမှုနှင့် နည်းပညာကော်မတီဝင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည် ဖော်သွားမှာဖြစ်ပြီး COVID-19 အခြေအနေကြောင့် လုပ်ငန်းစီမံချက်အချိန်ကာလပြောင်းလဲမှာ ဖြစ်ပါကြောင်း၊ လေ့လာမှုစစ်တမ်းအတွက် ကိန်းဂဏန်းအရေအတွက်ပိုင်းဆိုင်ရာ အချက်အလက် များ၊ အကြောင်းအရာများကို ထဲထဲဝင်ဝင်လေ့လာနိုင်သည့် အရည်အသွေးပိုင်းဆိုင်ရာ အချက် အလက်များကို ကောက်ယူသွားမှာဖြစ်ကြောင်း၊ အိမ်ထောင်စု (၆,၀၀၀)ခန့်မှ အသက် (၁၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ အမျိုးသမီးများအား နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှာ စစ်တမ်းကောက်ယူ သွားမှာဖြစ်ကြောင်း၊ လေ့လာမှုစစ်တမ်းမှရရှိသော အချက်အလက်များကိုအခြေခံပြီး ကျား၊ မ ရေးရာတုံ့ပြန်မှုဆိုင်ရာလုပ်ငန်းများ၊ ဘတ်ဂျက်နှင့် မူဝါဒရေးဆွဲခြင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းအစီအစဉ်များ အကောင်အထည်ဖော်ခြင်းများအတွက် ထိရောက်၍စနစ်ကျသော လုပ်ငန်းစနစ်များကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်သည်တို့ကို ဆောင်ရွက်ပေးနိုင်မည်၊ မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သုတေသနစစ်တမ်းတွင် သက်ဆိုင်ရာကဏ္ဍများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် အကြံဉာဏ်များပေး၍ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြစေလိုကြောင်း ပြောကြားပါသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီးနှင့် အမျိုးသမီးများ၏ဘဝ တစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်းနည်းပညာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဗဟို စာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်တို့က အသီးသီးအမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ UNFPA တို့မှ တာဝန်ရှိသူများနှင့် နည်းပညာရှင်များက မြန်မာနိုင်ငံရှိအမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း (၂၀၁၉-၂၀၂၁)ဆိုင်ရာ အဓိကအချက်အလက်များ၊ လေ့လာမှုစစ်တမ်းတွင် အသုံးပြုမည့်နည်းစနစ်များ ရှင်းလင်းတင်ပြခဲ့ကြရာ ဆွေးနွေးပွဲတက်ရောက်သူများမှ မေးခွန်းများ မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်း၊ မေးမြန်းမှုများအား ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက် ခဲ့ကြပြီး လူမှုဝန်ထမ်း ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။
အဆိုပါ Online ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ်ကြီး Ms. Andrea Faulkner၊ မြန်မာနိုင်ငံဆိုင်ရာ UNFPA ၏ ဌာနေကိုယ်စားလှယ်၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နည်းပညာရှင်များ၊ အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်းနည်းပညာကော်မတီဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များနှင့် သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အရပ်ဖက် လူမှု အဖွဲ့အစည်းများ၊ NGOs ၊ INGOs များမှ ဖိတ်ကြားထားသော ကိုယ်စားလှယ်စုစုပေါင်း (၆၈)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: MOSWRR