ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ

ဇူလိုင် ၁၂၊ နေပြည်တော်

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့ ညနေပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေစတင်ဝင်ရောက်ခဲ့ရာ (၁၂-၇-၂၀၂၀)ရက်နေ့ ညနေ(၁၅:၀၀) အချိန်ခန့်အထိ မြစ်ကြီးနားမြို့၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ လယ်ကုန်းနှင့် မြို့သစ်ကြီးရပ်ကွက်တို့မှ အိမ်ထောင်စု(၁၃၆)စု၊ လူဦးရေ (၅၇၉)ဦးတို့သည် ရေဘေးကယ်ဆယ်ရေးစခန်း(၉)ခုသို့လည်းကောင်း၊ ဝိုင်းမော်မြို့၊ အမှတ်(၁) နှင့် သပြေကုန်းရပ်ကွက်တို့မှ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၂)ဦးတို့သည် အထက(၂)‌ရေဘေး ကယ်ဆယ်ရေး စခန်းသို့လည်းကောင်း ခေတ္တပြောင်းရွှေ့ခိုလှုံလျက် ရှိကြောင်း သိရှိရပါသည်။

‌     ရေကြီးရေလျှံမှုများဖြစ်ပွားသည့်နေရာများသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယနေ့ (၁၂-၇-၂၀၂၀) ရက်နေ့တွင် သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း စီမံဆောင်ရွက်ပေးခဲ့ပါသည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့် ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးရှောင်ပြည်သူများအား COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး၍ အဝတ် Mask (၅၇၉)ခုနှင့်  ဆပ်ပြာ(၁၃၆)တောင့်တို့အား ထောက်ပံ့ခဲ့ပြီး ဆန်ရိက္ခာဖိုး များကို ဆက်လက်ထောက်ပံ့သွားနိုင်ရေး ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#ha_fld
#kcn_jul2020

Source:   MOSWRR

 

Sign Up

Upcoming Events